နေပြည်တော်၊ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်၊၊
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သန်းခေါင်စာရင်းကောက် ယူရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ပက်ဖျန်းပေးကာ တက်ရောက်လာကြသူများနှင့် ခရီးသွားပြည်သူများကို သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးကြသည်။
“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်းတစ်ရပ် ဖြစ်သည့်သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆိုင်းဘုတ်များကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ကို စာရင်းစစ်/စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment