နေပြည်တော်၊ ဇူလိုင် ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၇)ပါတီက အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများကြုံတွေ့ခံစားနေရသည့် အတိဒုက္ခများကို ထောက်ပြပြောဆိုပြီး ၂၀၂၅ ရွေးကောက်ပွဲကို ကြိုဆိုကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းစေရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်ကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ စတင်ကျူးကျော်၊ နယ်မြေချဲ့ထွင်၊ စစ်ဆင်တိုက်ခိုက်လာခဲ့ကြသော NUG/ CRPH/ PDF/ MNDAA/ TNLA/ AA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA စာချုပ်အား သွေဖည် ချိုးဖောက်သွားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့တို့နှင့် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းကူညီ အားပေးထောက်ပံ့နေကြသော ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအချို့တို့သည် တို့တာဝန်အရေးသုံးပါးကို ဖျက်ဆီးနေကြသူများ ဖြစ်ကြောင်း ပြောဆိုထားသည်။
ရဟန်းသံဃာများ၊ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကလေးငယ်များအား ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများအား နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မြို့ကြီးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းသို့ လက်နက်ကြီး/ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ အရွယ်မရောက်သေးသည့် လူငယ်များအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် လက်နက်စွဲကိုင် တိုက်ပွဲဝင်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ နယ်မြေတစ်ခုတည်း၌ နှစ်ကာလကြာရှည်စွာ အတူတကွနေထိုင်ခဲ့ကြသည့် လူမျိုးမတူသော အခြားတိုင်းရင်းသားမျိုးနွယ်စုများအား မူလနေရပ်ဒေသများမှ အတင်းအဓမ္မစွန့်ခွါစေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ ပြည်တွင်း တည်ဆဲဥပဒေများနှင့် နိုင်ငံတကာဥပဒေများအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြောင်း ထောက်ပြပြောဆိုထားသည်။
နိုင်ငံရေးပါတီ (၂၇)ပါတီ ၏ ပူးတွဲ သဘောထားထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်အစိုးရက (၂၀၂၅)ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့် သတင်းစကားသည် နိုင်ငံတော်အတွက် နိုင်ငံတော်အတွက် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီနည်းလမ်းတကျ အစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်၍ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံရေးပါတီများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းမွန် အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်လက်ခံပါကြောင်း ပူးတွဲသဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။
#MyanmarNationalPost
No comments:
Post a Comment