မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့် အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့် အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်




နေပြည်တော်၊ ဇူလိုင် ၂၅

(၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၃−၇−၂၀၂၄  ရက်၊ ၀၉၃၀ နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်  ကူမင်းမြို့၌ ကျင်းပပြုလုပ်ရာ  ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ၊ သီရိလင်္ကာနိုင်ငံမှလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ မော်လ်ဒိုက်နိုင်ငံမှ ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ၊ နီပေါနိုင်ငံမှ  ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ တို့နှင့်အတူ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ကုန်စည်ပြပွဲကို နှစ်စဉ် ဖိတ်ခေါ်ကျင်းပပြုလုပ်သည့်အပေါ် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့အား ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူဦးရေ ၃.၂ ဘီလီယံ အခြေချနေထိုင်လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ် ကြွယ်ဝသော အခြေခံကောင်းများရှိကာ အိန္ဒိယသမုဒ္ဒရာတွင် ရှည်လျားသည့်ကမ်းရိုးတန်း ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအလားအလာ အလွန်ကောင်းမွန်သောနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့် အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ (၁၀) နိုင်ငံနှင့် တောင်အာရှ (၈) နိုင်ငံတို့မှ  အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြပွဲကို ၂၃−၇−၂၀၂၄ ရက်မှ ၂၈−၇−၂၀၂၄ ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း (၈၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၂၀၀၀)  ကျော်က  ပြခန်းပေါင်း (၈၀၀)ကျော် ပါဝင်ပြသလျက်ရှိသည်။ ကုန်စည်ပြပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း  ဦးဆောင်သည့် အဖွဲ့ဝင် (၃၇)ဦး၊ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်  (၈၈)ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကုမ္ပဏီ (၂၄) ခုက ပြခန်းပေါင်း  (၂၆)ခု  ပါဝင်ပြသလျက်ရှိကြောင်း သိရှိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုန်စည်ပြပွဲရှိ အပြည်ပြည်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက်ရတနာများ ခင်းကျင်းပြသထားသည့် မြန်မာပြခန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

တရုတ်−တောင်အာရှ  ကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ကုန်စည်ပြပွဲကို  “စည်းလုံးညီညွတ်မှုနှင့်  ဘုံဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသည်။

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၄−၇−၂၀၂၄ ရက် မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ  မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မန္တလေးကောင်စစ်ဝန်ချုပ်ရုံးမှ ခေတ္တကောင်စစ် ဝန်ချုပ် မစ္စတာ ကျန်းဝေ တို့က ကြိုဆိုခဲ့ကြသည်။

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)