ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေလှောင်တမံများ၊ တာများ၊ ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေလှောင်တမံများ၊ တာများ၊ ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၂၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံစီမံကိန်းနှင့် အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းတို့၏ ဆည်ရေသောက်ဧရိယာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက မမြရေလှောင်တမံစီမံကိန်း ဆည်ရေသောက်စနစ်ရှိစိစစ်ပြီး ၈၃၆၉ ဧကမှ နွေစပါးဧက ၅၂၀၀ ကျော်နှင့် အခြားသီးနှံဧက ၃၀၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့မှု၊ ကညင်ရေလှောင်တမံ ရေသောက်စနစ်ရှိ စိစစ်ပြီး ၁၈၄၆၂ ဧကမှ နွေစပါးဧက ၁၂၀၀၀ ကျော်နှင့် အခြားသီးနှံစိုက်ပျိုးဧက ၆၀၀၀ကျော် စိုက်ပျိုးပြီးစီးခဲ့မှု၊ ရေလှောင်တမံများ ဘေးကင်းလုံခြုံမှုဆိုင်ရာဆောင်ရွက်ထားရှိမှု၊ စက်ယန္တရားရရှိအသုံးပြုမှု၊ နှစ်အလိုက် ဝင်ရေစုဆောင်းနိုင်မှုနှင့် စိုက်ပျိုးရေအကျိုးပြုနိုင်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး သီးနှံပုံစံများရေးဆွဲ၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်ရှိ ဧရိယာ ၆၇၃၃၄ ဧကကို ရေဘေးကာကွယ် ပေးသည့် အလျားတာမိုင် ၃၂ မိုင်ရှိ ညောင်တုန်း ကျွန်းတာနှင့် မအူပင်မြို့နယ်ရှိ ဧရိယာ ၃၇၈၈၇ ဧကကို ရေဘေးကာကွယ်ထားရှိသည့် တာမိုင် ၂ မိုင် ၇ ဖာလုံရှိ နတ်ပေးရေကင်းစခန်းကိုလည်းကောင်း၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်းထိန်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညောင်တုန်း ကမ်းဘက်တာ(စည်ပင်တာ) ပေတိုင် ၁၁၄၀၀ ပေရှိ တာတမံရေစိမ့်ထွက်မှုအတွက် ကာကွယ်ထားရှိမှုကိုလည်းကောင်း၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု၊ တာတမံလုပ်သားများခန့်အပ်ထားရှိမှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ နှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ရှိ မဲဇလီရေထိန်းတံခါး(၂)သို့ ရောက်ရှိပြီး မိုးရာသီတွင် ပန်းလှိုင်မြစ်အတွင်းသို့ သဲနုန်းများ ဝင်ရောက်မှုကို တားဆီးပေးနိုင်ရေးနှင့် မြစ်ကြောင်းတိမ်ကောမှုကို ကာကွယ်တားဆီးပေးနိုင်ရေး၊ မိုးရာသီရေကြီးနစ်မြုပ်မှုကို လျော့နည်းစေရေးနှင့် နွေရာသီတွင် နွေစပါးဧက ၉၀၀၀ ခန့်ကို ရေချိုအကျိုးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မဲဇလီရေထိန်းတံခါး တည်ဆောက်ပြီးစီးသည့်နှစ်မှစ၍ မိုးရာသီတွင် မြစ်ရေဝင်ရောက်ခြင်းကို ကာကွယ်တားဆီးပေးနိုင် သည့်အတွက် ညောင်တုန်းကျွန်း၊ တက်သစ်ကျွန်း၊ အရွဲကွင်းနှင့် ရွှေမယင်းကွင်းများရှိ မိုးစပါးဧက ၄၀၀၀၀ ခန့်ကို ရေကြီးနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)