၁၂တန်း ပညာရေးနှင့် ကျွန်တော်ညီလေး၏ နစ်နာဆုံးရှုံးမှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၂တန်း ပညာရေးနှင့် ကျွန်တော်ညီလေး၏ နစ်နာဆုံးရှုံးမှု


ယနေ့ခေတ် ပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ အခြေခံပညာဟာ KG+12 ဖြစ်ခဲ့ရပါတယ်။ ဒါကတော့ ပညာရေးဆိုင်ရာ စီမံသူတွေရဲ့ အစီအစဉ်မှာ ကျွန်တော်တို့ ပြည်သူများအားလုံးက ပါဝင်ကြရတာ ဖြစ်ပါတယ်။ ဒီအစီအစဉ် က နစကအစိုးရရဲ့ အစီအစဉ်မဟုတ်ပါဘူး။ ပြည်ဖျက်ပါတီ NLD အစိုးရလက်ထက်က စီစဉ်ထားခဲ့သည့်အတိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ စီမံသူတွေဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် တကယ် သစ္စာရှိ/ မရှိ ဆိုတာတော့ မေးခွန်းမထုတ်လိုပါဘူး။ သူတို့ လုပ်ရပ်၊ သူတို့ရဲ့ ရည်ရွယ်ချက် သူတို့သာ အသိဆုံးပဲ ဖြစ်ပါမှာပါ။

တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာထားသလား၊ စေတနာ မှန်သလားဆိုတာတော့ NLD အစိုးရလက်ထက်မှာပဲ အခြေခံပညာအဆင့်မှာ Sex Education ဆိုတာတွေ ပါလာလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတယ်။ နစကအစိုးရလက်ထမှာမှ ဒါတွေကို ပြန်လည်ပယ်ဖျက်ခဲ့ရခြင်း ဖြစ်ပါတယ်။ မြန်မာစာသင်ရိုး၊ သမိုင်းသင်ရိုးများနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ ပညာရေးနယ်ပယ်က မဟုတ်လို့ သတိမပြုမိသည့်တိုင်အောင် ပညာရှင်များရဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ ပညာရေး စီမံသူတွေကိုယ်တိုင်က မြန်မာစာပေကို ဖျက်ဆီးချင်တယ်၊ မြန်မာ့သမိုင်းကို မျိုးဆက်သစ်လူငယ်တွေ အသိမှား အမြင်မှား ဖြစ်အောင် လုပ်ချင်တယ်ဆိုရင်ဖြင့် စေတနာ မမှန်ဘူး။ စေတနာထားပြီး လုပ်နေပါတယ်လို့ ပြောရင်လည်း စေတနာကောင်းတော့ မဟုတ်နိုင်ဘူး။ စေတနာဆိုးနဲ့ လုပ်တာမျိုး ဖြစ်တန်ကောင်းရဲ့။

စာရေးသူဟာ ပညာရေးနယ်ပယ်က မဟုတ်တဲ့အတွက်တော့ သင်ရိုးတွေနဲ့ ပတ်သက်လို့ ဝေဖန်နိုင်စွမ်းမရှိပါဘူး။ အခြေခံပညာသင်အဆင့်မှာ KG+12 ဖြစ်လာခြင်းကြောင့် လက်တွေ့ကျကျ ကျွန်တော်တို့မိသားစုမှာ နစ်နာရတာကိုတော့ ကွက်ကွက်ကွင်းကွင်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့တွေ ဆယ်တန်းအောင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရတယ်။ တက္ကသိုလ်ပြီးဖို့ ဘယ်လိုတွေ လုပ်ခဲ့ရတယ်ဆိုတာတွေက ဇာတ်နာလွန်းလို့ ပြန်မပြောလိုတော့ပါဘူး။

လက်တွေ့မျက်မှောက် နစ်နာရတဲ့ အခြေအနေကိုပဲ အဓိကထားပြီး ပြောပါတော့မယ်။ ကျွန်တော်တို့ မိသားစုထဲမှာ အငယ်ဆုံးညီလေးက အတော်ဆုံးပါပဲ။ အခြေခံပညာမူလတန်းကစလို့ တန်းစဉ်အလိုက် ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တာလည်း သူပဲ ရှိပါတယ်။ သူဘာကြောင့်တော်နေလဲဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။ မိသားစုထဲမှာ ကျောင်းစာနဲ့ ပတ်သက်လို့တော့ အတော်ဆုံးကလေးပါပဲ။

သူ ဆယ်တန်းတက်ရမယ့်အချိန်မှာ ကိုဗစ်ကြောင့် ကျောင်းပိတ်လို့ တစ်နှစ်အောက်ခဲ့ရတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွေ ပြန်ဖွင့်တော့ ပြည်ဖျက်မိစ္ဆာတွေက ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်နေတဲ့အချိန် ညီလေးက ကျောင်းမတက်ဘူးလို့ ပြောတယ်။ မိသားစုထဲမှာလည်း နီပိန်းတပိုင်း ဖြစ်နေသူတွေက ရှိတော့ ပြည်ဖျက်မိစ္ဆာတွေက ပြောရင် တော်၏၊ လျော်၏ မစဉ်းစားဘဲ ကျောင်းမထားဘူးလို့ လုပ်ကြတယ်။

ပြည်ပြေး ဝရမ်းပြေး သူယုတ်မာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို လက်မခံနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ညီလေးကို အကောင်းဆုံး ဖျောင်းဖျ ပြောဆိုပါတယ်။ ညီလေးကို တရားချတဲ့ နေရာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ ဆုံးမစကားတွေကို ပြန်ပြောဖြစ်တယ်။

"ညီလေး ကိုလတ်တို့ကို အမေက ပြောခဲ့ဖူးတယ်။ လောကမှာ ငွေရှိရင် ရှိ၊ ငွေမရှိရင် ပညာရှိမှ ဖြစ်မယ်။ အမေဟာ သူကိုယ်တိုင် လေးတန်းသာ အောင်ပေမယ့် သူမွေးထားတဲ့ သားတွေကို အခက်အခဲကြားက ရုန်းကန်ပြီး ကျောင်းထားခဲ့တယ်။ ကိုလတ်တို့မှာ ငွေမရှိဘူး။ ပညာတတ်မှ လောကအလယ်မှာ ဖြတ်သန်းရတာ အဆင်ပြေမယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်တယ်။ သူတို့ သားသမီးတွေကိုကြတော့ နိုင်ငံခြားမှာ ကျောင်းထားတယ်။ မင်းဘဝ ကို အမေဖြစ်စေချင်သလို ဖြစ်အောင် လုပ်မလား၊ ပြည်ပြေး ဝရမ်းပြေတွေ ပြောတဲ့အတိုင်း လိုက်လုပ်မှာလား။"

ညီလေးဆီက အဖြေမရပါဘူး။ ထပ်ပြောပါတယ်။

"ဟုတ်ပြီ အခု ပြည်ပြေး ဝရမ်းပြေးတွေက စစ်ကျွန်ပညာရေးလို့ ပြောနေတယ်။ သူတို့ကိုယ်တိုင် အတန်းပညာတက်ခဲ့ကြတာ ဘယ်အစိုးရလက်ထက်မှာ တက်ခဲ့ကြတာလဲ။ တိုင်းပြည်မှာ ဒီမိုကရေစီအစိုးရဆိုတာ ၁၀နှစ်ပဲ ရှိသေးတယ်။ အခု လှုံ့ဆော်နေသူတွေအားလုံးဟာ ကိုလတ်တို့ထက် ကြီးတယ်။ သူတို့အားလုံး တပ်မတော်အစိုးရလက်ထက်မှာပဲ ကျောင်းတက်ခဲ့ကြသူတွေ ဖြစ်တယ်။ သူတို့ တပ်မတော်အစိုးရလက်ထက်မှာ ကျောင်းတက်ခဲ့တုန်းကတော့ စစ်ကျွန်ပညာရေးလို့ မအော်ဘဲ အခု မျိုးဆက်သစ်လူငယ်တွေကို ကျောင်းမတက်ဖို့ ကြံဖန်လှုံ့ဆော်နေတယ်ဆိုတော့ သူတို့ လုပ်ရပ်က မှန်လား၊ မှားလား။"

"ထပ်ပြောအုံးမယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောင်းတက်ခဲ့တာပဲ။ အင်္ဂလိပ်အစိုးရသင်ပေးတဲ့ ပညာနဲ့ အင်္ဂလိပ်တွေကို တော်လှန်ခဲ့တာပဲ။ စစ်တပ်ကို မကျေနပ်ဘူးဆိုရင် အဲဒီ စစ်ဗိုလ်၊ စစ်သားတွေထက် ကိုယ်က ပိုပြီး အသိပညာ၊ အတတ်ပညာ ရှိရမယ် မဟုတ်လား။ စစ်တပ်ထဲမှာ ပညာအရည်အချင်း မရှိဘဲနဲ့ ဘယ်သူမှ နေရာမရဘူး။ အဲဒါကိုလည်း သိထားဖို့ လိုတယ်။"

စသဖြင့် စသဖြင့် ကျွန်တော် ပြောဆိုဆုံးမသည့်တိုင်အောင် ညီလေးက ကျောင်းပြန်မတက်ခဲ့ပါဘူး။ အဲဒီတစ်နှစ် ကျွန်တော့် ညီလေး ထပ်မံနစ်နာခဲ့ရပါတယ်။ နောက်တစ်နှစ် ကျောင်းဖွင့်ခါနီးတော့ သူ့ကို လူတွေ့ခေါ်ပြီး နားချရပါတယ်။ ကိုယ်တိုင်ပဲ ကျောင်းထားပေးဖို့ စီစဉ်ခဲ့ရပါတယ်။ 

အဲဒီတော့မှ လူတော်လေးတစ်ယောက် လမ်းမှန်ပေါ် ပြန်ရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ကျွန်တော့်ညီလေးဟာ ကျောင်းပြန်တက်တာနဲ့ ဆယ်တန်း၊ ပြီးရင် သူ့လမ်းသူလျှောက် တက္ကသိုလ်တက်၊ ကိုယ်လည်း ပံ့ပိုးနိုင်သမျှ ပံ့ပိုးပေါ့။

ကျွန်တော့်အစီအစဉ် ကျွန်တော့်အတွေးဟာ ပညာရေးစီမံသူတွေရဲ့ လှည့်ကွက်အောက်မှာ ငါးပါးမှောက်ခဲ့ရပါတယ်။ ကျွန်တော့်ညီလေး ကျောင်းပြန်တက်တဲ့နှစ်မှာပဲ ဆယ်တန်းနဲ့ မပြီးတော့ဘူး။ KG+12 စနစ်ဖြစ်သွားပါမယ်။ တပြိုင်နက်ထဲမှာပဲ ၉တန်းအောင်ပြီး သက်မွေးမှုပညာသင်တန်းကျောင်းတက်လို့ရတယ်ဆိုတာလည်း ဖြစ်လာတယ်။ ကျွန်တော် မျှော်မှန်းထားတာက ၁၀တန်းပြီး အခြား သင်တန်းလေး ဘာလေးတက်၊ သူရမယ့် အမှတ်နဲ့ သူတက်ချင်တဲ့ GTC ကို ပို့နိုင်မလား၊ အဝေးသင်နဲ့ပဲ ခရီးဆက်ရမလား ဒီလို စဉ်းစားထားတာ ဖြစ်ပါတယ်။ အခုတော့ တက္ကသိုလ်တက်ရမယ့် ၂နှစ်က အခြေခံပညာမပြီးသေးပါဘူး။

ကျွန်တော့်ထံကို ပညာရေးဆောင်းပါးတွေ ပို့ပေးနေတဲ့ ပညာရေးနယ်ပယ်က အငြိမ်းစား ဆရာတစ်ယောက်ရဲ့ ဆောင်းပါးတွေကို ဖတ်ရတယ်။ ဖုန်းနဲ့လည်း စကားပြောဖြစ်ပါတယ်။ ဆရာရဲ့ အယူအဆကတော့ ဆရာဇော်ဂျီတို့ စီစဉ်ရေးဆွဲခဲ့တဲ့ သင်ရိုးတွေဟာ တိုင်းပြည် လူမျိုး အကျိုးကို ရှေးရှုပြီး မှန်ကန် သင့်လျှော်တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ် ပညာရေးမှာ ကမောက်ကမဖြစ်နေရတာဟာ ပညာရေးစီမံသူတွေရဲ့ လွဲမှားမှုတွေပဲ ဖြစ်တယ်။ ဒါကို ပြင်ဆင်နိုင်မျာက အစိုးရပဲ ဖြစ်တယ်။ ပြင်လို့လည်း ရတယ်လို့ ဆိုပါတယ်။

အခု ၁၂ တန်း ပညာရေးက ဘယ်သူတွေအတွက် ကောင်းနေသလဲဆိုရင် ပုဂ္ဂလိကကျောင်းတွေ၊ ဘော်ဒါတွေအတွက် ပိုပြီး ကောင်းနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ပညာရေးနဲ့ စီးပွားရှာသူတွေရဲ့ အကျိုးကို ကြည့်ပြီး စီမံဆောင်ရွက်ထားသလားလို့တောင် ထင်မိပါတယ်။ ကျွန်တော်တို့တွေ အခြေခံပညာပြီးမြောက်လာတယ်။ ကျူရှင်လည်း ပုံမှန်မတက်နိုင်ပါဘူး။ ဘော်ဒါဆိုတာ ပိုဝေးပေါ့။

အခုဆိုရင် ငွေကြေးတတ်နိုင်လို့ သူတို့သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ ထားတဲ့ အသိမိတ်ဆွေများထံက ညည်းညူသံကိုပါ ကြားလာရပါတယ်။ တစ်နှစ်ကို သိန်းပေါင်း ဆယ်ချီပေးရတဲ့ ဘော်ဒါ၊ ပုဂ္ဂလိကကျောင်း ထားတဲ့ မိဘတွေမှာ ၉တန်း၊ ၁၀တန်း ၂နှစ် အကုန်အကျခံပြီး ထားလိုက်ရုံနဲ့ ပြီးပေမယ့် အခုတော့ မပြီးပါဘူး။ ၄နှစ် စာ ဖြစ်လာတဲ့အခါကြတော့ ညည်းချင်းထုတ်လာကြခြင်းပဲ ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်သူတွေအတွက်တော့ ညည်းညူရင်းကပဲ လွယ်လင့်တကူ ဖြေရှင်းသွားလို့ရနိုင်ပါတယ်။

အခြေခံလူတန်းစား ပြည်သူများရဲ့ အခြေအနေကတော့ မတတ်နိုင်တော့ဘူးဆိုရင် ကျောင်းထွက်ရတာ ဖြစ်ပါတယ်။ ဆယ်တန်းအောင်ဖို့ကိုပင် အသည်းအသန် ရုန်းကန်ထားနေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေမှာ ၁၂တန်းဆိုတဲ့ အခြေအနေဟာ ပိုပြီး မလွယ်ကူတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပညာရေး အငြိမ်းစား ဆရာကြီးက ပြောဖူးပါတယ်။ ဒီစနစ်အရဆိုရင် ပညာတတ်တွေ ပေါများမလာဘဲ ပိုပြီး ရှားပါးသွားမယ်။ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ ကျောင်းထွက်ရတဲ့ အခြေအနေတွေ ပိုများလာလိမ့်မယ်လို့ ဆိုပါတယ်။

စာရေးသူရဲ့ အယူအဆကလည်း ထိုနည်းတူစွာပါပဲ။ ပညာရေးစီမံခန့်ခွဲခွင့် ရှိသူတွေအနေနဲ့ ၁၂တန်း ပညာရေးဆိုတာကို ဘယ်လို စဉ်းစားဆင်ခြင်ပြီး စီစဉ်သလဲဆိုတာတော့ ဘယ်သိပါ့မလဲဗျာ။ အခြေခံလူတန်းစား ပြည်သူတွေနဲ့ လိုက်လျောညီထွေ ဖြစ်မနေတာကတော့ ကိုယ်တွေ့ပါပဲ။ သို့သော် ပြည်သူများသည် မတတ်နိုင်သော်မှ တတ်နိုင်သမျှ ကြိုးစားရုန်းကန်ပြီး ထားကြပါတယ်။ ပြည်ဖျက်မိစ္ဆာတွေလို ဆူပူတာမျိုး မရှိပါဘူး။ သူတို့ ပညာတတ်တွေ စီစဉ်နေတာပဲလေဆိုတဲ့ အသိနဲ့ မြိုသိပ်နေကြရတာပဲ ဖြစ်ပါတယ်။ ပညာရေးကို စီမံတဲ့ ပညာတတ်တွေက စေတနာကောင်းနဲ့ စီစဉ်ခဲ့တာလား စေတနာဆိုးနဲ့ ပြောင်းလဲခဲ့တာလား ဆိုသည်ကိုတော့ ထည့်သွင်းမစဉ်းစားကြပါဘူး။ 

ပညာတတ်တွေဆိုရင် အများပြည်သူက လေးစားကြပါတယ်။ အခု ကျွန်တော်တို့ တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်။ ပညာတတ်တွေကပဲ လှုံ့ဆော်တာပဲ။ ဆရာဝန်တွေပါတယ်။ ကျောင်းဆရာ/ဆရာမတွေလည်း ပါတယ်။ နယ်ပယ်စုံက ပညာတတ်တွေက ဦးဆောင်လှုံ့ဆော်တာပဲလေ။ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်တဲ့အထဲမှာလည်း ပညာတတ်တွေ ပါတာပဲ။ သူတို့ရဲ့ အလိုဆန္ဒအတွက် အများပြည်သူ အတိဒုက္ခရောက်မှာကို ထည့်မတွက်ပါဘူး။ ပညာတတ်တိုင်း လူကောင်းပါလို့ ပြောမရသလို စေတနာကောင်းရှိသူလို့လည်း တတ်အပ်မပြောနိုင်ပါဘူး။ ပညာတတ် လူယုတ်မာတွေလည်း ရှိတယ်။ ပညာတတ် လူယုတ်မာများရဲ့ ဂုပ်သွေးခြင်းကိုလည်း ကျွန်တော်ပြည်သူများဟာ ခါးစည်းခံနေကြရတာ ဖြစ်ပါတယ်။ အခြေခံပညာအဆင့်မှာ ၁၂ တန်း ပညာရေးအစီအစဉ်ဟာ စေတနာကောင်းနဲ့ စီစဉ်တာလား၊ ပယောဂတွေ ပူးကပ်ခြင်းခံထားရသလား ဆိုတာကိုလည်း ပြည်သူများကတော့ ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိပါဘူး။ ကျွန်တော့်ညီလေးရဲ့ နစ်နာမှုကတော့ တက္ကသိုလ်တက်နေရမယ့် ၂နှစ်ဟာ အခြေခံပညာသင်ကျောင်းမှာပဲ ရှိနေခြင်းပါပဲ။ ကျွန်တော့်ညီလေးလို နစ်နာရတဲ့ ညီ၊ ညီမလေးတွေလည်း အများကြီးပဲ ရှိနေမှာပါ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)