ပုသိမ်မြို့၌ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၌ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲ ကျင်းပ







ပုသိမ်၊ ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယမန်နေ့နံနက်ပိုင်းက ၁၃၈၆ ခုနှစ်၊ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အရုဏ်ဆွမ်း များဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကိုဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့်ဆေးဝါး အစရှိသည့်လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးအစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက် ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲ သို့တက်ရောက်၍ မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့ မြို့နယ်အလိုက် ကောက်စိုက်သမအဖွဲ့များမှ ထွန်တုံးပိတ်စိုက်ပျိုးနေမှုများနှင့် မြောင်းမြမြို့၊ စက်မှုလယ်ယာ ဦးစီးဌာန၊ အမှတ် (၃၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ မြောင်းမြခရိုင်အတွင်း ရေတော်မိုးတော်မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ရေကြီးကွင်း၊ ရေနက်ကွင်း ရာနှုန်းပြည့်စိုက်ပျိုးပြီးဖြစ်သော်လည်း အိမ်မဲမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ခဲ့သည့်စိုက်ဧကများအား ကုစားဆောင်ရွက်ခြင်း၊ ပျက်စီးခဲ့သည့်စိုက်ဧကများအား ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများအား ကုစားခြင်း၊ ပြန်လည် စိုက်ပျိုးခြင်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ လိုအပ်မည့်မျိုးစပါးများ လုံလောက်စွာရရှိရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရေး၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ အစေ့ချစက်များအသုံးပြု၍ အချိန်မီဆောင်ရွက်နိုင်စေရေးနှင့် စိုက်ဧကများပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာမြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ တောင်သူများပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကောက်စိုက်လုံမေများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)