မုံရွာ ၊ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှူရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးအဆင့် ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး သင်တန်းများဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းနည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည် ။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက သင်တန်းမှ ထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများအား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ မုံရွာမြို့ ရပ်ကွက်အသီးသီးမှ ဒေသခံသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၄ ဦးတက်ရောက်ခဲ့ကြကြောင်း လူသုံးကုန်များဖြစ်သော ဆပ်ပြာဆီ၊ ဆပ်ပြာခဲအမျိုးမျိုး၊ ဆပ်ပြာရည်အမျိုးမျိုး ထုတ်လုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment