ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းမှာ (၁၃) ရက် ကြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းမှာ (၁၃) ရက် ကြာ
















































နေပြည်တော်၊ တပ်ကုန်းမြို့မှာ ရေကြီးနစ်မြုပ်မှုတွေ စတင်ဖြစ်ပေါ်ပြီး ၁၁-၉-၂၀၂၄ ရက်နေ့ ညမှာတော့ ပျဉ်းမနား၊ လယ်ဝေး၊ ဇေယျာသီရိ အစရှိသော မြို့နယ်များမှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၂-၉-၂၀၂၄ ရက်နေ့ည အရေးပေါ် ရေဘေးကူညီကယ်ဆယ်ရေးအတွက် လယ်ဝေးမြို့၊ ရွှေအင်တောင် မဟာစည်သာသနာ့ရိပ်သာမှာ ဆရာတော်သံဃာတော်များနှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ရာမှာ ရှေးဟောင်းကျောင်းတော်ကြီးမှာ ရေဘေးကူညီကယ်ဆယ်ရေးစခန်းဖွင့်ပြီး ကယ်ဆယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရွှေအင်တောင်ဆရာတော်အပါအဝင် ဆရာတော်များကပဲ မတည်လှူဒါန်းငွေများ ထည့်ဝင်ပြီး ရေဘေး ကူညီကယ်ဆယ်ရေးကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ စတင်ဆောင်ရွက်ရာမှာ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးနဲ့ အနီးဆုံးဖြစ်တဲ့ ကွမ်းခြံ၊ လက်ပန်တန်းတို့ကနေ စပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြပါတယ်။ စတင်ဆောင်ရွက်တဲ့နေ့မှာတော့ စက်လှေလည်း မရှိသေးတဲ့အတွက် အမြန်လမ်း ဒေါက်တာ အရှင်သောပါကရဲ့ ကျောင်းမှာ ရှိတဲ့စက်လှေကို တစ်ဖွဲ့က သွားယူကြသလို ဝါ့းဖောင်ဖွဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရေစီးအလွန်ကြမ်းတဲ့အတွက် ဝါးဖောင်က ဘယ်လိုမှ အဆင်မပြေပါဘူး။ စက်လှေရောက်လာပြီး စက်ချို့ယွင်းမှုကို ပြင်ဆင်ပြီးမှ ရိက္ခာပို့၊ ကယ်ဆယ်ရေးစခန်းကို လိုက်ပါလိုသူများကို ခေါ်ဆောင်တဲ့အလုပ်ကို စတင်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးစခန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောက်လာသူတွေကို စတင်လက်ခံကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။

၁၂-၉-၂၀၂၄ ရက်နေ့ ညပိုင်းမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဥက္ကဋ္ဌ ဆရာတော် အရှင်ဉာဏဓမ္မ ဦးဆောင်သည့်အဖွဲ့၊ ဦးကေတု၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့မှ ဦးသုနန္ဒ-၁၊ ဦးသုနန္ဒ -၂ တို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကွမ်းခြံ၊ လက်ပန်တန်းအပြင် အခြားသော ရိက္ခာမရောက်တဲ့ ကျေးရွာတွေကို ရိက္ခာပို့ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ဖြန့်ခွဲဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်။

ဒီနေရာမှာ အထူးပြုပြီး ပြောဆိုရမှာကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်က ကြွရောက်လာတဲ့ ဆရာတော်များဟာ စက်လှေကို ကိုယ်တိုင်မောင်းပြီး သက်စွန့်ဆံဖျား ရေဘေးသင့် ပြည်သူများကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်။ လယ်ဝေး၊ ပျဉ်းမနားတို့မှာ စက်လှေအသုံးပြုလေ့ မရှိတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများမှာ ဆရာတော်ရဲ့ ဆောင်ရွက်ချက်က တကယ့်ကို စံပြဖြစ်ခဲ့ပါတယ်။

ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းမှာတော့ ကွမ်းခြံကျေးရွာက အများစုရှိနေပြီး လက်ပန်တန်း၊ ညောင်ပင်သာကျေးရွာများမှ ရေဘေးသင့်ပြည်သူများလည်း လာရောက်ခိုလှုံကြပါတယ်။ တချို့တွေကတော့ အေလာ၊ ပျဉ်းမနား အစရှိတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းများကို သွားရောက်ခိုလှုံကြတာလည်း ရှိပါတယ်။ ရှေးဟောင်းကျောင်းတော်ကြီး ရေဘေးကယ်ဆယ်ရေးစခန်း က ဆရာတော်သံဃာတော်များ ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ ရေဘေးသင့်ကျေးရွာများမှ ပြည်သူများကို ကယ်တင်လာပြီး ဘေးလွတ်ရာကို ခေါ်ဆောင်လာပါတယ်။ အဲဒီကနေမှ ဘယ်နေရာကို သွားချင်သလဲ၊ ရှေးဟောင်းကျောင်းတော်ကြီး ရေဘေးကယ်ဆယ်ရေးစခန်းမှာ နေလိုသလား၊ တခြားကို သွားမယ့်အစီအစဉ် ရှိသလား မေးမြန်းပြီး ရေဘေးသင့် ပြည်သူများရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးခဲ့ကြပါတယ်။

တပြိုင်တည်းမှာပဲ အခြားသော ရေဘေးသင့် ပြည်သူများဟာ အဝေရာဆည်ရဲ့ တစ်ဖက်ကမ်း ရွှေတောင်ကြား၊ ငွေတောင် အစရှိသော ရေဘေးလွတ်တဲ့ ကုန်းမြင့်ပိုင်းကို တိမ်းရှောင်ကြတဲ့အတွက် အဝေရာဆည်အနီးမှာ ရှိတဲ့ နေပြည်တော်အမျိုးသားရေးအဖွဲ့က ကိုထွန်းထွန်းဝင်း ရှိတဲ့နေရာမှာလည်း ရေဘေးသင့် ပြည်သူများကို ကူညီပေးနိုင်ဖို့ စခန်းခွဲအဖြစ် ဆရာတော်များရဲ့ လမ်းညွှန်မှုနဲ့ စီစဉ်ဖွင့်လှစ်ခဲ့ပါတယ်။

အလှူရှင်များလည်း အနယ်နယ်အရပ်ရပ်မှ လာရောက်လှူဒါန်းကြပါတယ်။ ရှေးဟောင်းကျောင်းတော်ကြီး ရေဘေးကယ်ဆယ်ရေးစခန်းကိုတော့ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ ပိုမိုလာရောက်လှူဒါန်းကြတာကို ဝမ်းမြောက်ပီတိဖြစ်ဖွယ် မြင်တွေ့ရပါတယ်။ နေ့စဉ် ကယ်ဆယ်ရေးစခန်းမှာ ရှိနေသူတွေ စားသောက်ဖို့၊ အခြားသော ကယ်ဆယ်ရေးစခန်းများမှ စားသောက်ရေး အခက်အခဲရှိလို့ အကူအညီတောင်းခံလာမှုများကိုလည်း ရှေးဟောင်းကျောင်းတော်ကြီး ရေဘေးကယ်ဆယ်ရေးစခန်းကနေ ချက်ပြုတ်ပြီး နေ့စဉ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ချက်ပြုရေးကိုတော့ ရန်ကုန်မြို့ကနေ လာရောက်ကူညီတဲ့ မြန်မာ့အားမာန်ကုသိုလ်တော်အဖွဲ့နဲ့ အောင်းကုန်းရွာသူ/ရွာသားများက ပူးပေါင်းဆောင်ရွက်ပြီး နေ့စဉ် ဆန် ၁၃တင်းချက်၊ ၁၆ တင်းချက် လှည့်လည်ပို့ဆောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းရဲ့ သြဝါဒစရိယဆရာတော် ဒေါက်တာ အရှင်သောပါက ကြွရောက်လာပြီး နောက်ပိုင်းမှာတော့ ပိုမိုစည်းစနစ်တကျ ဖြစ်အောင် လမ်းညွှန် ဆောင်ရွက်ပေးသလို ရေဘေးသင့် ပြည်သူများထံ လာရောက်လှူဒါန်းလိုတဲ့ ဆရာတော်ကြီးများ စိတ်အနှောင့်အယှက် မဖြစ်စေဘဲ အဆင်ပြေချောမွေ့စွာ လှူဒါန်းနိုင်ရေးကိုလည်း ဒေါက်တာ အရှင်သောပါက ရဲ့ လမ်းညွှန်မှုနဲ့အညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

၂၀-၉-၂၀၂၄ ရက်နေ့ နောက်ပိုင်းမှာတော့ သြဝါဒစရိယ ဆရာတော် ဒေါက်တာ အရှင်သောပါကနဲ့ ဦးဆောင်ဆရာတော်များ ထပ်မံဆွေးနွေးတိုင်ပင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းအနေနဲ့ ရပ်နားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြဖို့ စီစဉ်ခဲ့ကြပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာမှာ အများနဲ့သက်ဆိုင်တဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းများကို အဓိက ဦးစားပေးဆောင်ရွက်ဖို့နဲ့ ရေဘေးသင့် ပြည်သူများရဲ့ နေအိမ်များမှာ ရေတွင်းများ ပျက်စီးမှုကို အကူအညီတောင်းခံလာပါက ကူညီဆောင်ရွက်ပေးရန် စီစဉ်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ ရှိနေတဲ့ မိသားစုဝင်များကိုလည်း ရေကျပြီဖြစ်လို့ မိမိနေအိမ်ကို ပြန်နိုင်ရေး ဆရာတော်များက သြဝါဒပေးပြီး စနစ်တကျဖြစ်အောင် စီစဉ်ပေးခဲ့ပါတယ်။ ကယ်ဆယ်ရေးစခန်းမှာ ရှိနေတဲ့ မိသားစုများကို မိမိနေအိမ်ကို ပြန်ရောက်တဲ့အချိန်မှာ အဆင်ပြေချောမွေ့စေရေး ထောက်ပံ့ငွေ ၂သိန်း၊ ဆန်၊ ဆီ၊ အဝတ်အထည်၊ ဆောင် ခြင်ထောင် ခေါင်းအုံများကိုပါ စနစ်တကျ စီမံပေးခဲ့ကြပါတယ်။ ၂၁-၉-၂၀၂၄ ရက်နေ့က စပြီး နေအိမ်ကို ပြန်လို့ရပြီဖြစ်တဲ့ မိသားစုများကို ပြန်နိုင်အောင် စီစဉ်ပေးခဲ့ရာမှာ ၂၄-၉-၂၀၂၄ ရက်မှာတော့ ရှေးဟောင်းကျောင်းတော်ကြီး ရေဘေးကယ်ဆယ်ရေးစခန်းမှာ ရှိနေတဲ့ မိသားစုဝင်အားလုံး နေအိမ်ပြန်နိုင်ခဲ့ကြပါပြီ။

ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အနေနဲ့ ရေဘေးမှာ နစ်မြုပ်ပြီး နွံတက်နေတဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများကို ရှင်းလင်းဆောင်ရွက်ရာမှာ လယ်ဝေးမြို့နယ်၊ ညောင်ပင်သာ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ရေတွင်းကို ပြန်မှုတ်ပေးခဲ့ပြီး စာသင်ကျောင်းကိုလည်း သန့်ရှင်းပေးနိုင်ခဲ့ပါတယ်။ ထပ်မံပြီး လက်ပန်တန်း(အေ) ကျေးရွာ စာသင်ကျောင်း မှ နွံများကို ရှင်းလင်းဖယ်ရှားပြီး စာသင်ခုံများအားလုံးကို သန့်ရှင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နေပြည်တော် ဗျူဟာမှူးကြီး ကိုယ်တိုင် ဆရာတော်များရဲ့ ဆောင်ရွက်နေမှုကို လာရောက်အားပေးပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဆရာတော်များနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

၂၄-၉-၂၀၂၄ ရက်နေ့မှာတော့ လယ်ဝေးမြို့နယ်၊ နနွင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို သန့်ရှင်းရေး ဆောင်ရွက်ရာမှာတော့ နေပြည်တော် တိုင်းမှူးကြီး ကိုယ်တိုင် လာရောက် အားပေးပြီး သံဃာတော်များ၊ အမျိုးသားရေးအဖွဲ့ဝင်များနဲ့အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကိုပါ လာရောက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းမှာ စာရေးသူအနေနဲ့ ၁၂-၉-၂၀၂၄ ရက်နေ့ကစပြီး ၂၄-၉-၂၀၂၄ ရက်နေ့အထိ နေ့ည ဆရာတော်များနဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကပ်ဘေး ဖြစ်သည့်အတွက် အရေးပေါ် အကူအညီ လိုအပ်နေချိန်မှာ လူပေါင်းများစွာ စားသောက်ရေးအတွက် မိမိတို့တတ်စွမ်းသမျှ အားဖြည့်ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ ဆရာတော်များနဲ့ အမျိုးသားရေးညီအစ်ကိုမောင်နှမများ၊ အောင်းကုန်းကျေးရွာမှ ပရဟိတအဖွဲ့များကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ/ နိုင်ငံသားအားလုံး ဘေးဆိုး၊ ကပ်ဆိုး အမျိုးမျိုးမှ ကင်းဝေးကြပါစေ . . .

အားလုံးကို ကျေးဇူးတင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)