နေပြည်တော် ၊ စက်တင်ဘာ ၂၄
နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေများဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်သင်ကြားနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်မှုလုပ်ငန်းများ၊ လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများကို ဖယ်ရှားခြင်းလုပ်ငန်းများနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်၊ ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သည့် ပြည်သူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများအား သက်ဆိုင်ရာမိသားစုများထံရောက်ရှိရေး ဆောင်ရွက်သွားရန်၊ ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်များတွင် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးအန္တရာယ်များကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင်ခန်းများ ဆောင်ရွက်ရန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းမှု၊ ကျွမ်းကျင်မှုနှင့် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်မှုရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်၊ ရေတိုက်စား၍ ပျက်စီးသွားသည့် လမ်းတံတားများ ပြင်ဆင်ရာတွင်လည်း စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment