ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများ တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများ တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၉

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ဖွံ့ဖြိုးမှုအကူအညီကိစ္စရပ်များအပါအဝင် ပူးပေါင်းဆောင်ရွက်ရာတွင် ကျင့်သုံးနေသည့် မူဝါဒများနှင့်တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်သူများထံသို့ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးမှုများကို ပိတ်ဆို့တားဆီးမှုမရှိကြောင်း၊ လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ခရီးသွားလာခြင်းကို လုံခြုံရေးကိစ္စ အလေးထားစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီပေးရာတွင် အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ထိရောက်သည့် အကူအညီဖြစ်စေရန်၊ လုပ်ငန်းမထပ်စေရန် အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလှူရှင်ကိုယ်စား လှယ်များအနေဖြင့်ဖြန့်ဝေမှုကို လိုက်ပါလိုပါက အတူလိုက်ပါနိုင်ပါကြောင်း၊ တိုင်ဖွန်းမုန်တိုင်း ရာဂီဒဏ်သင့်ဒေသများ၌ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံ အခြေအနေမှန်များကို သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးစေလိုကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်စပ်လျဉ်း၍ လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များကို လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်း ဖြင့်သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆောင်ရွက်နိုင်ပါရန်လည်း ဖိတ်ခေါ်ထားကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပါအဝင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)