ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၅ မတိုင်မီနှင့် ၂၀၂၅ အလွန် ဒေသတွင်းစီးပွားရေး မျှော်မှန်းချက်များ၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှုအခြေအနေ၊ အေအီးစီလမ်းပြမြေပုံ ၂၀၂၅ ၏ အပြီးသတ်ကာလ ပြန်လည်သုံးသပ်မှုအပါအဝင် လမ်းပြမြေပုံအကောင်အထည်ဖော်မှု၊ ကဏ္ဍများအကြား ပေါင်းစပ်အကောင်အထည်ဖော်ရမည့် စဉ်ဆက်မပြတ် ရေရှည်တည်တံ့မှုလုပ်ငန်း အစီအစဉ်များ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအစီအစဉ်နှင့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်အရ အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက်ရေးဆွဲမှုများအပေါ် ဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ (၄၄) ကြိမ်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့်အစီရင်ခံစာကို အတည်ပြုခြင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းအောက်ရှိ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို အတည်ပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးမူဘောင် သဘောတူစာချုပ် ညှိနှိုင်းမှုများကို ၂၀၂၅ ခုနှစ်တွင် အချိန်မီအပြီးသတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့မှု လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်းပြီး ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်တို့ကို ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လာအိုနိုင်ငံ စက်မှုနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်တို့လည်း တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၈ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)