ကျောက်ပန်းတောင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲနှင့်တူ ကျေးရွာဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲနှင့်တူ ကျေးရွာဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ




ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မြို့ပေါ်ရှိရပ်ကွက်ဓမ္မာရုံဘုရားများ ဆွမ်းသိမ်းပွဲနှင့်အတူ၊ အထင်ကရဘုရားပွဲများဖြစ်သည့်၊ စည်ပေါက်ကန်ကျေးရွာ ရှေ့ဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲတော်နှင့် နှစ်ကျပ်ခွဲကျေးရွာ ထီးတော်လှုပ် သိမ်တော်ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ဓမ္မာရုံဆွမ်းသိမ်းအောင်ပွဲနှင့် ပဌာန်းသိမ်းပွဲများကို သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့နှင့် လပြည့်နေ့တို့တွင် မိမိတို့ရပ်ကွက်အလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး၊ မြို့နယ်အတွင်း၊ စည်ကားသိုက်မြိုက်စွာ ပွဲတော်ကျင်းပလေ့ရှိသည့် စည်ပေါက်ကန်ကျေးရွာအုပ်စု စည်ပေါက်ကန်ကျေးရွားအနီးရှိ တောင်တွင်းကြီးမြို့ သီဟပတေ့မင်း ကောင်းမှုဖြင့် သက္ကရာဇ် ၁၃၂၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည့် မြစည်းခုံဘုရားပွဲတော်နှင့် နှစ်ကျပ်ခွဲ ကျေးရွာအုပ်စု၊ နှစ်ကျပ်ခွဲကျေးရွာတွင် ပုဂံခေတ် ရှင်အရဟံမထေရ်မြတ်ကြီး သမုခ်ခဲ့သော သိမ်ပေါ်တွင် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ထီးတော်လှုပ်သိမ်တော်ဘုရားပွဲများသည် အထင်ကရကျင်းပလေ့ရှိသည့် ဘုရားပွဲများဖြစ်ပြီး၊ မြစည်းခုံဘုရားပွဲကို ကျောက်ပန်းတောင်းမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာ ၂၀ ကျော်မှ လှည်းများ၊ ထော်လာဂျီများ၊ လိုက်ထရပ်ယာဉ်များ၊ သုံးဘီးယာဉ်များဖြင့်လည်းကောင်း၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း အစုအဖွဲ့လိုက် လာရောက်၍ ဆွမ်းတော်ပွဲချလေ့ရှိကြပြီး၊ ထူးခြားသည်မှာ အဆိုပါ ဘုရားရင်ပြင်နှင့် စေတီတော်ကို မိမိတို့ ယာသီးနှံများဖြစ်သည့် နှမ်းစေ့၊ မြေပဲဆံများဖြင့် ကြဲပက်ပူဇော်၍ လာမည့်နှစ်များတွင် မိုးလေဝသ မှန်ကန်ပါစေကြောင်း၊ သီးနှံဖျက်ပိုးများကင်းရှင်းပါစေကြောင်း၊ သီးနှံအထွက်နှုန်း ကောင်းပါစေကြောင်းနှင့်  ဈေးကောင်းရရှိကြပါစေကြောင်း၊ ဆုတောင်းကြသည်မှာ အညာတောင်သူတို့၏ ထူးခြားသည့် ဓလေ့ပင်ဖြစ်ပါသည်။

မြစည်းခုံဘုရားပွဲတော်ကို ကျောက်ပန်းတောင်းမြို့ပေါ်နေသူများနှင့် အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် စည်ပေါက်ကန်၊ ရွာလု၊ ပေါက်သစ်၊ ထန်းတောရိုး၊ ကြံစို့၊ ရွာမ၊ တံခါးမ၊ ရွာပု၊ ဆုံရွာ၊ ပေါက်သစ်၊ ရိုးခြား အစရှိသည့်ကျေးရွာများမှ  နံနက်(၅)နာရီခန့်မှစတင်၍ လှည်းယာဉ်များ၊ မော်တော်ကားများ၊ ထော်လာဂျီများဖြင့် အစုအဖွဲ့လိုက်လာရောက်ကြပြီး၊  အရိပ်အာဝသကောင်းသည့် သစ်ပင်ရိပ်များတွင် လှည့်ဝိုင်းဖွဲ့၍နေရာယူကြပြီး၊ ဘုရား ဆွမ်းလုံချခြင်း၊ ဘုရားပွဲလာမိမိတို့ အသိမိတ်ဆွေများအား မုန့်ဆီကြော်များ၊ ဒေသထွက်အစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်းဖြင့် အညာဒေသဘုရားပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြကြောင်း သိရသည်။


နေအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)