နေပြည်တော်၊ အောက်တိုဘာလ ၄
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် လည်းကောင်း စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်း ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်း အပါအဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး အဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ နှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းလျက်ရှိသည်။ ထိုသို့ ဆောင် ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်း ဆက်သွယ်ရေး အမြန်ပြန်လည် ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ဆက်လက် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment