ပုသိမ်၊ နိုဝင်ဘာ ၃၀
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့သည် မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမတွင် ၂၈-၁၁-၂၀၂၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု အသင်းတို့မှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
ဦးစွာ သဘာပတိကြီးများက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက် ရွတ်ဖတ်ပဆန်းဖွယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် သဘာပတိကြီးက သဘာပတိ မိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား ပေါင်းစုံမှီတင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေသင်ကြားရေးနှင့် တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များအား အစဉ်အလာမပြတ် ကျင်းပနိုင်စေရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း ညီညီညွတ်ညွတ် စုစု စည်းစည်းဖြင့် တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုပါကြောင်း” နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက အရှိုချင်းကောက်သစ်စားပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ကန်တော့ငွေများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက ဒေသခံ ချင်းတိုင်းရင်းသားများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြ ကြောင်းသိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment