နေပြည်တော်၊ နိုဝင်ဘာ ၇
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံရှိ ပုဂ္ဂလိကမီဒီယာကဏ္ဍ ရှင်သန်တိုးတက်ပြီး နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် စတုတ္ထမဏ္ဍိုင်ပီသစွာ အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းများနှင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။
မီဒီယာသည် အလွန်ဩဇာကြီးမားသည့်အလျောက် ယနေ့ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်လူနေမှုဘဝကိုပင် ပုံဖော်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ လူသားတို့၏ နေ့စဉ်ဘဝတွင် စားဝတ်နေရေးအပြင် သတင်းအချက်အလက်ရရှိရေးသည် လိုအပ်ချက်တစ်ခုဖြစ်လာပါကြောင်း၊ ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြုပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့်အတွက် နိုင်ငံတော်နှင့် ပြည်သူများအကျိုးကို ရှေးရှုကာ ဝိုင်းဝန်းထိန်းသိမ်းပေးရန်နှင့် သတင်းမှန်များ ဖြန့်ချိနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးများ ဆောင်ရွက်နေသကဲ့သို့ ဒေသတွင်း မိတ်ဖက်နိုင်ငံများအထိ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် သတင်းအချက်အလက်များကို ရှင်းလင်းတင်ပြနေသည်ကို တွေ့မြင်ရပါကြောင်း၊ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရင်း (၂) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်ချီတက်လျှောက်လမ်းရင်း မိမိတို့ဌာန၏ ပုံရိပ်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ကြရန် ဆုမွန်ကောင်းတောင်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် “စွဲမက်ဖွယ်ရာ ပြည်မြန်မာ” Short Video ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ဦးစီးအရာရှိနှင့် ဌာန Logo တံဆိပ်တီထွင်ဖန်တီးပေးခဲ့သည့် ညွှန်ကြားရေးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က ဝန်ထမ်းများကို စားသုံးဆီတစ်ပိဿာစီထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် တက်ရောက်လာကြသူများနှင့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment