ရန်ကုန်၊ နိုဝင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ဒုတိယနေ့ကို (၂၃-၁၁-၂၀၂၄) ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက ဆောင်ရွက်တော်မူသည်။
အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်များအပေါ် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကဉ္စနကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။ ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ဒုတိယနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီ၌ ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးချက်များအပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်ကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အတည်ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်)ကျောင်းတိုက်ဆရာတော်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက စတ္တာလီသတိမအကြိမ် (၄၀)မြောက် အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment