ရန်ကုန်၊ နိုဝင်ဘာ ၂၅
ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပလျက်ရှိရာ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် BBC သတင်းဌာနမှ သူရ ဆိုသူ သတင်းထောက်တစ်ဦး က စစ်ကောင်စီဟု မဖွယ်မရာ ကြေညာ၍ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့်အပေါ် အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ သတင်းမှန်ပြန်ကြားရေးက သတင်းမီဒီယာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖြေကြားထားသည်။
BBC အပါအဝင် VOA, RFA နှင့် ပြည်ပြေး မီဒီယာများဖြစ်ကြသည့် DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော သတင်းဌာနများသည် အကြမ်းဖက်လှုပ်ရှားမှု အားကောင်းလာစေရန် လှုံ့ဆော်ရေးသားဖော်ပြမှုများ အစဉ်သဖြင့် လုပ်ဆောင်နေပြီး မမှန်သတင်းများ အစဉ်သဖြင့် ရေးသားဖြန့်ဝေလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အဆိုပါ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများကို နေ့စဉ် တုန့်ပြန်ရှင်းလင်းနေရသော်လည်း ပြည်ဖျက်မီဒီယာများမှ သတင်းသမား အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ဆက်သွယ်မေးမြန်းခွင့်ပြုထားသည်ကို တွေ့ရသည်။
ပုစွန်တောင်မြို့နယ်တွင် ကျင်းပလျက်ရှိသည့် ၁၀၄နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လည်ပတ်၍ စည်းကားလျက်ရှိနေစဉ်အတွင်း BBC သတင်းထောက် သူရ ဆိုသူ က "စစ်ကောင်စီဟာ မကြာသေးမီကလည်း တောင်ကြီးတန်ဆောင်ကို ကျင်းပခဲ့ပါသေးတယ်။ အခု စစ်ကောင်စီ က ၄နှစ်ကျော်ကြာ မကျင်းပဖြစ်ခဲ့တဲ့ ရေကျော်ပွဲဈေးကို ပြန်ပြီးကျင်းပတာ ပွဲအခမ်းအနားတွေကို ခပ်စိပ်စိပ် လုပ်လာတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။" လို့ လုပ်ကြံဖန်တီး တင်ဆက်သွားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီဆိုသော အသုံးအနှုန်းမှာ ပြည်ပြေး ဝရမ်းပြေး နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များက ဖန်တီးအသုံးပြုသည့် အမည်ဖြစ်ပြီး အကြမ်းဖက်လှုံ့ဆော်မီဒီယာများကလည်း စကစ၊ စစ်ကောင်စီ အစရှိသော ၎င်းတို့ လုပ်ကြံဖန်တီး အသုံးပြုသော ဝေါဟာရများဖြင့် အစိုးရနှင့် ပြည်သူကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် အစဉ်သဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment