မော်လမြိုင် ၊ နိုဝင်ဘာ ၁၇
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့နံနက် အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများ၊ တောင်ရိုးတန်းတစ်လျှောက်တွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြသည်။
“နှစ်စဥ် တန်ဆောင်မုန်းလပြည့်နေ့မှာ ရိုးရာဓလေ့ဖြစ်သော တောင်သမုဒ္ဒရာမှာနေတဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်အားရည်မှန်းကာ ပူဇော်ပွဲများကျင်းပခဲ့ပြီး ဆွမ်းမမျှောခင် မြစ်ကမ်းဘေးစံကျောင်းအတွင်းမှာ အရှင်မြတ်အား ဆပ်ကပ်လှူဒါန်း ဘေးကင်းကျန်းမာဖို့စတဲ့ လိုရာဆုတောင်းမှုပြုဖို့ လာရောက်ခဲ့တာပါ” ကမ်းနားလမ်းတစ်လျှောက် အများပြည်သူများ အလွယ်တကူ ဆွမ်းအိုးမျှောနိုင်အောင် ကျောင်းဆောင်နေရာ၊ မျှောရမည့်နေရာတို့ကို စီစဥ်ပေးထားကြသည်။
ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ရည်ရွယ်၍ တန်ခိုးကြီးဘုရားများဖြစ်သည့် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ကြီးအပါအဝင်အစရှိသည့် ဘုရားပုထိုးစေတီများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရားပွားများ နာယူလျက်ရှိကြောင်း သိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment