နေပြည်တော်၊ နိုဝင်ဘာ ၂၇
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေး ဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေးအတွက် လုပ်ငန်းအဖွဲ့အလိုက် အလေးထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အရေးပေါ်ကိစ္စရပ်များအတွက် ဆက်သွယ်ရေး လမ်းကြောင်းများ သေချာစွာဆောင်ရွက်ရန်၊ လူနာများ လွှဲပြောင်းဆောင်ရွက်နိုင်ရေး လူနာတင်ယာဉ်များ လုံလောက်အောင် စီစဉ်ဆောင်ရွက်ထားရန်၊ ဆေးရုံများ၌ လူနာများ လက်ခံ ကုသနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအသောက်များကို ပုံမှန်စစ်ဆေးနေကျ ဆောင်ရွက်မှုများသာမက ပြင်ပအစားအသောက်များ ယူဆောင် စားသောက်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ ကြိုတင်ဆောင်ရွက်ရန်၊ ကျန်းမာရေးအသိပညာပေးရန်၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်ရန်နှင့် ဖြစ်ပွားမှုရှိပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ပြင်ဆင်ထားရန် ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဆပ်ကော်မတီ အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ဆေးကုသရေးလုပ်ငန်း အဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့နှင့် ကူးစက်ရောဂါ နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းအဖွဲ့၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment