နေပြည်တော်၊ နိုဝင်ဘာ ၂၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျင်းပြည်နယ် ဝူကျန်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဆက်စပ်အစည်းအဝေး” နှင့် China-ASEAN Information Harbor Forum သို့ တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး "Embracing a People-Centered and AI-for-Good Digital Future - Building a Community with a Shared Future in Cyberspace " ဆိုသည့် ဦးတည်ချက်ဖြင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နိုင်ငံတကာမှ ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်တွင် အောင်မြင်ကျော်ကြားသည့် ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
နိုဝင်ဘာ၂၀ ရက်တွင် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ဖွင့်ပွဲသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံနိုင်ငံတော်သမ္မတ မစ္စတာ Xi Jinping က ဗီဒီယိုMessage ပေးပို့အမှာစကား ပြောကြားပြီး တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံရေးဗျူရိုဗဟိုကော်မတီ အဖွဲ့ဝင် မစ္စတာ Ding Xuexiang ၊ ဟွန်ဒူရက်စ်နိုင်ငံ ဒုတိယသမ္မတ မစ္စတာ Renato Florentino Pineda၊ ဇမ်ဘီယာနိုင်ငံ ဒုတိယသမ္မတ မစ္စတာ Mutale Nalumango ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ Le Thanh Long ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့မိုဘိုင်းအဖွဲ့အစည်းနှင့် ကမ္ဘာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက အဖွင့်စကားများ ပြောကြားခဲ့သည်။
ညပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ဝန်ကြီးများ စားပွဲဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ဒုတိယဝန်ကြီး ဦးလူမွန် တက်ရောက်ခဲ့သည်။
နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် “China- ASEAN Information Harbor Forum” သို့ တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ဆွေးနွေးပွဲတွင် “Co-Building the Digital Silk Road, Sharing a Digital Future” ခေါင်းစဉ်ဖြင့် တရုတ် - အာဆီယံ ကုန်စည်ကူးသန်းရောင်းဝယ်မှုတို့ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရေး ဒေသတွင်းနည်းပညာကွာဟမှု လျှော့ချရေးအပါအဝင် အဆင်သင့်ဖြစ်မှု၊ အားသာချက်နှင့် စိန်ခေါ်မှုတို့ကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့အင်တာနက်ညီလာခံတွင် ပူးတွဲကျင်းပပြသသည့် The Light Internet Expo ပြခန်းများကို လေ့လာခဲ့ပြီး ကမ္ဘာ့လူငယ်ခေါင်းဆောင်ဆုပေးပွဲ၊ ကမ္ဘာ့ အင်တာနက်ကွန်ဖရန့် ဒစ်ဂျစ်တယ် အကယ်ဒမီပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖွင့်ပွဲများနှင့် အခြား ဆက်စပ် ဆွေးနွေးပွဲဖြစ်သည့် “Construction of Trustworthy of Artificial Intelligence” ကို လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment