ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ

  



တာမွေ    ၊  နိုဝင်ဘာ     ၂၆

၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ရရှိခဲ့သော တံခွန်စိုက်ဆုဖလားများ အပ်နှံခြင်း ၊ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ဖျော်ဖြေရေးအဖွဲ့များက “အနှိုင်းမဲ့သောရန်ကုန်" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့သည်။ ဆက်လက်၍ ၂ဝ၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်ထားရှိမှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အမျိုးသား တံခွန်စိုက် ၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုရများ ရရှိခဲ့ကြသော တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ ဖူဆယ်အားကစားအဖွဲ့နှင့် ဂျူဒိုအားကစားအဖွဲ့ စသည့် အောင်ပွဲရအားကစားအဖွဲ့များမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တံခွန်စိုက်ဆုဖလားများ လွှဲပြောင်းအပ်နှံခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားနှင့် ဩဝါဒစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား တင်ပြခဲ့သည်။ 


ဆက်လက်ပြီး တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ဂျူဒိုပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလုံး ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတို့တွင် ဆုရအားကစားအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက  ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့ ခေါင်းဆောင်အား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။  ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရိုးရာခြင်းလုံး ဆပ်ကော်မတီမှ မြန်မာ့ရိုးရာအမွေအနှစ် “ယောင်ကြီးဗွေ” ဖြင့် အလှခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေး အဖွဲ့များက “အားကစားရဲ့ မာန်ဟုန်လှိုင်း ဒို့ရန်ကုန်တိုင်း" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 

၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇)ဦး၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ အင်အား (၁၅၃)ဦး၊ စုစုပေါင်းအင်အား (၆၂၀)ဦးတို့ သွားရောက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲဝင် အားကစားသမားများမှာ ၂၀၂၄-ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ထူးချွန်ဆုရ လက်ရွေးစင်အားကစားသမားများဖြစ်ပြီး ၎င်းတို့အား ၂၀၂၄-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁)ရက်နေ့အထိ တစ်လကြာ စခန်းသွင်း လေ့ကျင့် သင်ကြားပေးထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)