နေပြည်တော်၊ နိုဝင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြောကြားရာတွင် ရွေးကောက်ပွဲအား လုံခြုံရေး အရ အပိုင်းလိုက်ခွဲခြား၍ ပြုလုပ်နိုင်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကောက်ယူရန်ကျန်ရှိနေသည့်နေရာများ၌ အတတ်နိုင်ဆုံး အနီးစပ်ဆုံးအထိ ရရှိအောင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများ မှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေးဆောင် ရွက်နေကြောင်းပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအတွက် အင်မတန် အကျည်းတန် အရုပ်ဆိုးသည့် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ် အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်အောင် ပြုလုပ်သူများသည် ၎င်းတို့၏သက်ဆိုင်ရာရွေးကောက်ခံ မဲဆန္ဒနယ်တစ်ခုတည်းတွင်သာမက ဘဲဒေသတစ်ခုလုံးတွင် အနိုင်ရရှိအောင် မဲမသမာမှုများကိုပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီး၌ မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်သာမက တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကိုပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲ မသမာမှု ကျူးလွန်မှုသည် အတိမ်အနက်ကြီးမားကြောင်း၊ ထို့ကြောင့် ကျူးလွန်ခဲ့သည့် ပါတီအား ရွေးကောက်ပွဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲ မဲမသမာမှုများတွင် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC) များဖြစ်ကြောင်း၊ ပါတီဗဟိုအလုပ် အမှုဆောင်ကော် မတီဝင်(CEC)များသည် ပါတီကိုကိုယ်စားပြုသူများ ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်တည်းကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက် လုပ်ဆောင်ခြင်းဖြစ် သဖြင့် အလားတူဖြစ်စဉ်မျိုးမဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေ ဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယ နိုင်ငံတွင်လည်း အဆိုပါမဲပေးစနစ်ကို အသုံးပြုလျက်ရှိပြီး မဲစာရင်းမှန်ကန်စေရန် အတွက်အထောက်အကူ ပြုသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေး အရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment