ရန်ကုန်၊ နိုဝင်ဘာ ၂၉
အမြန်လမ်း၊ ၁၆မိုင် အနီးရှိ အရိယာမဏ္ဍိုင်တောရရိပ်သာဆရာတော် ၏ ဟောပြောမှုများနှင့် ပတ်သက်၍ ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော်တို့ ဦးဆောင်သော စောဒကပုဂ္ဂိုလ်များအဖြစ် ဦးဆောင်၍ ဗုဒ္ဓ၏ တရားတော်များနှင့် လွဲချော်နေမှုများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ က ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးနိုင်ရန် စောဒနာတင်ခဲ့သည့်အပေါ် အရိယာမဏ္ဍိုင်တောရရိပ်သာဆရာတော် ဘက်က သောဓနာလွှာပြန်လည်တင်ပြခြင်းမရှိဘဲ စောဒကပုဂ္ဂိုလ်များကို လှည်းကူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ကာလအတွင်းမှာ အရိယာမဏ္ဍိုင် တောရရိပ်သာဆရာတော်၏ ဟောပြောမှုများနဲ့ ပတ်သက်လို့ စောဒနာတင်ထာခြင်းအပေါ် ဆရာတော်ကြီးများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါကြောင်း၊ အရိယာမဏ္ဍိုင်တောရိပ်သာဆရာတော်၏ ဟောပြောမှုများနှင့် ပတ်သက်၍ စောဒနာတင်ထားသည့်အပေါ် အရိယာမဏ္ဍိုင်ဆရာတော်ဘက် က သောဓနာလွှာပြန်မတင်ဘဲ စေဒနာတင်တဲ့ ပုဂ္ဂိုလ်များကို အရပ်ဘက်တရားရုံးမှာ တရားစွဲဆိုခွင့်ပြုဖို့ ပြန်လည်တင်ပြတာမျိုး ရှိတယ်လို့ သိရပါကြောင်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်များကို တရားဝင်ထုတ်ပြန်ပေးစေလိုပါကြောင်း မြန်မာနေရှင်နယ်ပို့စ် က သာနသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့မှ တဆင့် ပြန်လည်မေးမြန်းခဲ့သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားရာတွင် ၂၆-၁၁-၂၀၂၄ရက်နေ့ မေးမြန်းထားသည့် မေးခွန်းနှင့်ပတ်သက်၍ ၂၂-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးက အောက်ပါအတိုင်းဆုံးဖြတ်၍ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့သို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရမှုအား ပြန်လည်ဖြေကြားအပ်ပါသည်-
(က) စောဒကတို့၏စောဒနာလွှာ၌ ပလပ်ပယ်ချရန် ခိုင်လုံသောအကြောင်းအချက် မတွေ့ရှိ ရသောကြောင့် ၅-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမအစည်းအဝေးက ဆုံးဖြတ်ခဲ့သော “သောဓ နာလွှာတောင်းခံရန် " ဟူသော ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုရန်။
(ခ) စုဒိတကအနေဖြင့် ညွှန်ကြားစာရသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း သောဓနာလွှာ တင်သွင်းရန်။
(ဂ) သောဓနာလွှာတင်သွင်းသည်ဖြစ်စေ၊ မတင်သွင်းသည်ဖြစ်စေ နိုင်ငံတော်သီးခြား သောဓနာလွှာတ ဝိနည်းဓိုရ်အဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးဆောင်ရွက်သွားရန်။
ပြန်လည်ဖြေကြားထားသည်။
ရုပ်သံမှတ်တမ်းတစ်ခုတွင် အရိယာမဏ္ဍိုင်တောရရိပ်သာကျောင်းမှ ဦးသူရိယ က "နောက်ဆုံးအနှစ်ချုပ် ပြောချင်တာက ကမ္ဘာအေးကို သွားချင်တာ။ ကမ္ဘာအေး သံဃနာယက (၄၇)ကို သူများတွေက တိုင်မှာကို ကြောက်နေတာ။ ဦးဇင်းက မဟုတ်ဘူး။ ကိုယ့်စရိတ်ကိုယ်စားပြီး သွားချင်တာ။ အဲဒီလိုမျိုး စေတနာဖြစ်တာပေါ့။ ဦးဇင်းက ဒီတရားတွေ ပြောပြရင် သူတို့တွေ သိကြမှာပဲ။ ကိုယ်တစ်ယောက်တည်း သာသနာပွင့်နေ၊ ဒါတွေ သိရင်တော့ မြန်မာနိုင်ငံကြီးတော့ ဒီတရားတွေဟာ တကယ်ရှိတာ။ တကယ်ကျင့်ရင် တကယ်ရတယ်။ လွတ်မြောက်တဲ့လမ်းရှိတယ်။ ဦးဇင်းက အဲဒီလိုမျိုးကို အရူးတယောက်လို လျှောက်ပြီးတော့ ရူးသွပ်ခဲ့တာပေါ့နော်။ ဦးဇင်းက ဉာဏ်ထဲမှာ ကြည့်တာ မြန်မာနိုင်ငံ တကယ့် ဟိုဟာတွေ ရှိတယ်နော် အရိယာပုဂ္ဂိုလ်တွေ လူတွေမမြင်နိုင်လို့ပါ။ ဉာဏ်အလုပ်ဖြစ်တဲ့အတွက် ဉာဏ်သမားသာ မြင်နိုင်တယ်။ ရဟန္တာကို မဖူးချင်ဘူးလား၊ တကယ်ဖူးချင်တာလား၊ ရဟန္တာဖြစ်အောင်လုပ်၊ ဖြစ်အောင်မလုပ်ဘဲနဲ့ သူများပြောတဲ့ ရဟန္တာပဲ ရမှာပေါ့။ ထပ်ပြောချင်တာ ဘာလဲဆိုတော့ ငါ့ကို ဝိနိစ္ဆယတွေ စစ်ရင်တော့ သူတို့ သိသွားကြမှာပဲ။ ဝိနိစ္ဆယစစ်အောင် ငါ ကိုးလို့ကန့်လန့်ဖြစ်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ငါ့လဲ မစစ်ကြဘူးပေါ့။ ငါ့စစ်ရင် ကောင်းမှာပဲပေါ့နော်။ ဦးဇင်းက ဘာလုပ်လဲဆိုတော့ ဝိနိစ္ဆယတွေ အားလုံးကို ဦးဇင်းရဲ့ ရင်ထဲမှာ ရှိတဲ့စကားပေါ့။ သူတို့ကို လမ်းစရိတ်နဲ့ စားစရိတ် နေဖို့ ထိုင်ဖို့ တာဝန်ယူမယ်ပေါ့။ အဲဒီ ဝိနိစ္ဆယတွေ စစ်ဖို့အတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ဦးဇင်းက ဖြတ်လမ်းနည်းနဲ့ လိုက်တာ။ ဦးဇင်းကို ဒီတရားတွေ ဝိုင်းစစ်လို့ရှိရင် သူတို့ သိသွားပြီ။ သိသွားရင် သာသနာပွင့်ပြီ။ ဒါ ဦးဇင်းရဲ့ ရင်ထဲမှာ မှန်ကန်သော သစ္စာ" ဟု ဟောပြောထားသည်။
ဦးသူရိယ ၏ ဟောပြောမှုများနှင့် ပတ်သက်၍ စောဒနာတင်ပြလာခြင်းကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ပြီး သောဓနာလွှာ (၂)စောင်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့ ရက်ပေါင်း(၂၁)ရက်အတွင်း ပြန်လည်တင်သွင်းရန် အကြောင်းကြားခဲ့သော်လည်း ယနေ့တိုင်အောင် သောဓနာလွှာတင်သွင်းခြင်း မရှိသေးပေ။
ကြားသိရသော သတင်းများအရ သောဓနာလွှာ တင်သွင်းခြင်း မရှိဘဲ စောဒကပုဂ္ဂိုလ်များကို အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခွင့်ပြုရန် ဆရာတော်ကြီးများထံ တင်ပြခဲ့မှုနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနထံ ထည့်သွင်းမေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားသည့်အထဲတွင် ဦးသူရိယ မှ စောဒကပုဂ္ဂိုလ်များကို အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခွင့်ပြုရန် တင်ပြခြင်းနှင့် ပတ်သက်၍ ထည့်သွင်းဖြေကြားသွားခြင်း မရှိပေ။
ဦးသူရိယ၏ တပည့်က ကိုယ်စား တရားလိုပြုလုပ်၍ လှည်းကူးမြို့နယ်တရားရုံးတွင် စွဲဆိုထားသော အမှုနှင့် ပတ်သက်၍ ၂၈-၁၁-၂၀၂၄ ရက်နေ့ က (၈)ကြိမ်မြောက် ရုံးချိန်းကို သွားရောက်ရင်ဆိုင်ခဲ့ကြရပြီး ဆရာတော်ဦးပါမောက္ခ က "ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် အောင်အောင်ဇော်တို့ကို အရိယာမဏ္ဍိုင် တောရရိပ်သာ ဦးသူရိယမှ လွှဲထားပြီးတော့ ဦးအောင်လွင်တို့ရဲ့ တရားစွဲဆိုတာ (၈)ကြိမ်မြောက် ရုံးချိန်းပါ။ ယခုလို စွဲဆိုခြင်းအကြောင်းမှာ ဘယ်သူ့မှာ တာဝန်ရှီသလဲ။ နိုင်ငံတော်သံဃမဟာနာယကမှာ တာဝန်ရှိသလား။ သာသနာရေးဝန်ကြီးဌာနမှာ တာဝန်ရှိသလား။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအပေါ်မှာ တာဝန်ရှိသလား။ တာဝန်သိသူ၊ တာဝန်ရှိသူ ဦးအောင်မြိုင် က ဗုဒ္ဓဝါဒ၊ ထေရဝါဒ ပြန့်ပွားရေးအတွက် တစိုက်မတ်မတ် ရပ်တည်လာပြီးတော့၊ ကျောက်သင်္ဘောဝါဒ က ထေရဝါဒကို တရားစွဲဆိုခြင်း ဖြစ်ပါတယ်။ အားလုံးသုံးသပ်နိုင်ပါတယ်။ ကျောက်သင်္ဘောဝါဒကနေပြီးတော့ ဒါ ဗုဒ္ဓဝါဒကို တရားစွဲတာပါ။ ဦးအောင်မြိုင် နစ်နာရင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဗုဒ္ဓဘာသာတွေ ကျဆုံးခြင်းဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အချို့သော ဆရတော်တွေကပင် ကျောက်သင်္ဘောဝါဒဘက်က ဘက်လိုက်ပြီးတော့ ဦးအောင်မြိုင်တင်သွင်းတဲ့ အမှုတွေကို ထိန်ချန်ထားတာတော့ လုံးဝမတရားပါဘူး။" ဟု လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ရှင်းလင်းပြောဆိုသွားခဲ့သည်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment