ကျောက်ဆည် ၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး ယာမြေများတွင် ပဲအမျိုးမျိုး၊ ဝါ၊ ငရုပ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ သီးနှံများ စိုက်ပျိုး ကြကြောင်းနှင့် ငရုပ်စိုက်တောင်သူများအနေဖြင့် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းသဖြင့် အသီးအစိမ်းခူးဆွတ်ရောင်းချလျက်ရှိရာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ငရုပ်သီးအစိမ်း ခူးဆွတ်ရောင်းချသူများအနေဖြင့် (၆၉၂) ငရုပ်မျိုးများ အဓိကစိုက်ပျိုးကြပြီး ဈေးကွက်ရရှိရေး အချိန်ကာလအမျိုးမျိုး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အစိုစိုက် (ရေသွင်းစိုက်ပျိုးခြင်း)နှင့် အခြောက်စိုက် (မြေကျင်းဖော်၍ ရေလောင်းစိုက်ပျိုးခြင်း) ဟူ၍ အမျိုးမျိုး စိုက်ပျိုးကြကြောင်း ငရုပ်သီးနှံတစ်ဧက ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၁၅) ထုပ်ခန့် ပျိုးထောင်စိုက်ပျိုးရကြောင်း ကုန်ကျစရိတ်အနေဖြင့် မြေပြင်သည်မှစ၍ အခင်းပျက်သိမ်းသည်အထိ သွင်းအားစုထည့်သွင်းအသုံးပြုသည့်အပေါ် မူတည်၍ ငွေကျပ်သိန်း (၃၀) မှ (၃၅) သိန်းထိ ကုန်ကျစရိတ်ရှိကြောင်း ငရုပ်စိုက်တောင်သူများထံမှ သိရသည်။
ငရုပ်သီးနှံသည် ကာလရှည်သီးနှံဖြစ်ပြီး တောင်သူအများစုသည် အသီးတောင့်ရင့်မှည့်အောင်ထားကာ (၇) ရက်တစ်ကြိမ် ခူးဆွတ်အခြောက်လှန်းကာ ရောင်းချခြင်းများ ပြုလုပ်ကြသော်လည်း နေ့စဉ်ဝင်ရရှိလိုသူများအနေဖြင့် ငရုပ်သီးများကို မှည့်အောင်မထားရှိဘဲ ငရုပ်အသီးအတောင့်ရင့်သည်နှင့် တစ်ပြိုင်နက်တည်း အစိမ်းခူးဆွတ်ရောင်းချလျက်ရှိရာ ငရုပ်သီးအစိမ်းဈေးကောင်းမွန်းသောကြောင့် အသီးအစိမ်းခူးဆွတ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment