ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ







ဟားခါး၊ နိုဝင်ဘာ ၉

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း /တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင် မိသားစုများ၏ ၂၀၂၄ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့၊ မြို့မသာသနာပြုကျောင်း လက်ထောက်ဆရာတော် ဘဒ္ဒန္တသြသဓထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ၁၃၈၆ ခုနှစ်ခု၊ စုပေါင်းမဟာဘုံကထိန် ကထိန်ခံကျောင်းဖြစ်သော မြို့မဗဟို သာသနာပြုကျောင်းမှ လက်ထောက်သာသနာပြုဆရာတော် ဘဒ္ဒန္တသြသဓအား ချင်းပြည်နယ် ဝန်ကြီးချုပ် ကိုယ်စားလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ဟားခါးနှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ် သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသအား ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ကျန်ပင့်သံဃာတော်များအား လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း၊ သုခိတာရုံသာသနပြုသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးတို့အား ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်းကောင်း သီလရှင်ဝတ်စုံနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ဘုံကထိန်ပဒေသာပင်တန်ဖိုးစာရင်းများ ဖတ်ကြားကြေညာခြင်း၊ ပင့်သံဃာဆရာတော်များအား လှူဒါန်းရန် ပဒေသာပင်များ မဲနှိုက်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိက)ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကာ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယနေ့ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင် (၂၃) ခု၊ ပစ္စည်းတန်ဖိုးကျပ် (၉,၂၃၅,၃၀၀) နှင့် ငွေသားတန်ဖိုးကျပ် (၂၇,၀၉၅,၀၀၀) ၊ စုစုပေါင်း တန်ဖိုးကျပ် (၃၆,၃၃၀,၀၀၀) ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)