ဇီးကုန်း၊ နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး (CTME) စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးပညာသည် ရှေးနှစ်ပေါင်းများစွာမှ ယနေ့အထိ လက်ဆင့်ကမ်းလာပြီး ဒီထက်မကလည်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနအနေဖြင့်လည်း ပြည်သူလူထုကို ကျေးလက်ဒေသပါမကျန် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ဆရာဦးအုန်းကျော် (Medical Officer) (အငြိမ်းစား)မှ “အကြိတ်အဖုခွဲစိတ်နာ”အကြောင်းကိုလည်းကောင်း၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးမှူး ဆရာဦးအောင်ညိုမှ “ဝဲ၊ ယားနာရောဂါ”အကြောင်းတို့နှင့်ပတ်သက်သော ရောဂါလက္ခဏာများ၊ ကုသပုံနည်းစနစ်များ၊ ဆေးဝါးဖော်စပ်ပုံနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်ပတ်သက်သော စာတမ်းများကို အသီးသီးဖတ်ကြားခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသော တိုင်းရင်းဆေးမှူးများမှသိရှိလိုသည်များနှင့် လေ့လာတွေ့ရှိချက်များကို အပြန်အလှန်ဆွေးနွေး၍ အသိပညာများဖလှယ်ခဲ့ကြသည်။
အဆိုပါစာတမ်းဖတ်ပွဲသို့ ပဲခူးတိုင်းဒေသကြီး(အနောက်)မြို့နယ်များမှ ဆေးရုံအုပ်များ၊ ခရိုင်/မြို့နယ်တိုင်းရင်းဆေးမှူးများနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment