တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားလေးဦးအား သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားလေးဦးအား သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ


နေပြည်တော်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသားလေးဦး (စိစစ်ဆဲ) က နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သေနတ်များကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ (၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း ကိုဟိန်းမြတ်သူတွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၆၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့် အမှု ဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှ လုယက်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် ဖန်ပင်ကျေးရွာအုပ်စု ဝမ်ကျောက်လုံကျေးရွာရှိ ဦးဆမ်ကြွက် (စိစစ်ဆဲ) ၏ အငှားနေအိမ်လိုင်းခန်းတွင် လုယက်မှုကျူးလွန်သူတရားခံများ ခိုအောင်း ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ ယင်းနေ့ ည ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအငှားနေအိမ်လိုင်းခန်းသို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

ထိုသို့ဝင်ရောက်ရှာဖွေစဉ် အဆိုပါအငှားနေအိမ်လိုင်းခန်းရှိ အခန်းအမှတ်(၁၀)အတွင်းမှ လုယက်မှု ကျူးလွန်ခဲ့သူ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန်ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ များဖြစ်ကြသည့် လားရှိုးမြို့နယ် နယ်မြေ (၁၉)၊ ရပ်ကွက် (၁၂) နေ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသားလေးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိ ခဲ့ပြီး အခင်းဖြစ်နေရာအား အသေးစိတ်စစ်ဆေး ရှာဖွေမှုများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် BWHE 610 Glock အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်နှစ်တောင့်၊ ကျည်အိမ်နှစ်ခု၊ အမေရိကန်နိုင်ငံထုတ် ZEV အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် နှစ်တောင့်၊ ကျည်အိမ်တစ်ခု၊ အသံတိတ်ပြောင်းတစ်ခု၊ အမေရိကန်နိုင်ငံထုတ် SIGSAUER အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ဩစတြေးလျနိုင်ငံထုတ် TARAN TACTICAL INNOVATION (COMBAT MASTER) အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်သုံးတောင့်၊ ကျည်အိမ်တစ်ခု၊ အသံတိတ်ပြောင်းတစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စင်ကတ်ပြားတစ်ခု၊ SHN-12 1K-7890 ယာဉ်နံပါတ်ပြား တပ်ဆင်ထားသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် အနက်ရောင်လက်ဆွဲ အိတ်အတွင်းထည့်ထားသော လုယက်မှုကျူးလွန်ရာ မှရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် First Rate Mobile ဖုန်းဆိုင်အတွင်း ဝင်ရောက်ကာ လူသေဆုံးစေသည်အထိ သေနတ်ဖြင့် ပစ်ခတ်၍ လုယက်မှုကျူးလွန်သူ တရားခံလေးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)