မနက်ပိုင်းကတည်းက တပ်မတော်သား (ငြိမ်း)တစ်ယောက်ထံ အမ်းမြို့က လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများနဲ့ အဆက်အသွယ်ရသူတစ်ဦးက ဆက်သွယ်ပြီး အကူအညီတောင်းခံပါတယ်။ နပခ ကို ရခိုင်ပြည်နယ်နေ့ မှာ AA အကြမ်းဖက်အဖွဲ့က အရသိမ်းမယ်လို့ လော်နဲ့ အော်နေတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်နက်ချပြီး အညံ့ခံဖို့ လော်နဲ့ အော်နေပါတယ်။ အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက်ပေးဖို့ မနက်ပိုင်းကတည်းက ပြောဆိုပါတယ်။
ဆက်သွယ်ပြောဆိုလာသည့်အတိုင်းပဲ တာဝန်ရှိသူများထံ ဆက်သွယ်ပေးပို့ တင်ပြပါတယ်။ သတင်းဌာနအနေနဲ့ ရေးသားဖော်ပြပြီး အကူအညီလိုအပ်နေသူများရဲ့ ကိုယ်စား အကူအညီ တောင်းခံပါတယ်။
နေ့လည်ပိုင်း ထပ်မံ ဆက်သွယ်လာပြန်ပါတယ်။ လေကြောင်းပစ်ကူလည်း ရောက်မလာဘူး။ AA အကြမ်းဖက်အဖွဲ့ က ဒရုန်းနဲ့ Drop Bomb တွေ ပစ်ချ တိုက်ခိုက်နေတယ်။ ဆေးတပ်က ကာနယ်တစ်ဦး ကျဆုံးသွားရတယ်လို့ ထပ်မံ သတင်းရရှိပါတယ်။ ဆက်သွယ်ပေးပို့လာသည့်အတိုင်းပဲ တင်ပြခဲ့ပါတယ်။ AA အကြမ်းဖက်အဖွဲ့ က အမ်းမြစ်တစ်ဖက်ကမ်း တောင်ကုန်းတွေပေါ်မှာ နေရာယူပြီး နပခထဲကို စနိုက်ပါနဲ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
နောက်ဆုံး အမ်းမြို့ကို လေကြောင်း ပစ်ကူ ရောက်တယ်။ ၅ နာရီ ဝန်းကျင် က လာရောက် ကူညီဆောင်ရွက်ပေးသွားကြောင်း သိရပါတယ်။ ကူညီဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများကို ဆက်သွယ်၍ အကူအညီတောင်းခံသူများရဲ့ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။
အရေးကြုံလာတဲ့အချိန်မှာ ကျွန်တော်တို့တွေက ကိုယ်ထိလက်ရောက် ကူညီနိုင်စွမ်းတော့ မရှိပါဘူး။ တာဝန်ရှိသူများ အချိန်နဲ့တပြေးညီ ကူညီပေးနိုင်ဖို့ တင်ပြနိုင်ပါတယ်။ ဒါကို အပြုသဘောဆန်ဆန်နဲ့ အားလုံးက ဝိုင်းဝန်းတင်ပြရင် အကူအညီ လိုအပ်နေသူတွေအတွက် အကူအညီရနိုင်ကောင်းပါတယ်။ အကူအညီ ရသွားရင် လိုအပ်ချက် ပြည့်စုံသွားပြီဖြစ်တဲ့အတွက် ဘယ်သူ့ ဘယ်သူမှ ပြစ်တင်ပြောဆိုနေဖို့လည်း မလိုတော့ပါဘူး။
AA အကြမ်းဖက်အဖွဲ့က ဒီနေ့ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ နပခ ကို အရသိမ်းဖို့ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
တာဝန်ရှိသူများက ဆုံးဖြတ်ချက် ပီပြင် ပြတ်သားဖို့တော့ လိုပါတယ်။ အကြမ်းဖက်အဖွဲ့တွေကို ထိရောက်စွာ ပြန်တန် ခြေမှုန်းဖို့ အစီအစဉ်မရှိဘူးဆိုခဲ့ရင်လည်း နယ်မြေခံ တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ကိုတော့ ကြိုတင် စီစဉ်ဆောင်ရွက်ခိုင်းထားရမှာ ဖြစ်ပါတယ်။ ခြေမှုန်းမှာဆိုရင်လည်း အကူအညီလိုအပ်ချိန်မှာ အချိန်နဲ့ တပြေးညီ ကူညီပေးမှသာ အကြမ်းဖက်အဖွဲ့တွေကို ဦးချိုးနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆက်တွဲ သတင်းအရ ဂွမြို့ကနေ အမ်းမြို့ ကို AA အကြမ်းဖက်သမား အင်အားဖြည့် ကား ၁၂ စီး ထွက်သွားပါပြီ။ အမ်းမှာ AA အကြမ်းဖက်အဖွဲ့ အင်အားနည်းနေပါတယ်။ ရပခ ကို MNDAA အကြမ်းဖက်အဖွဲ့က ရသလို နပခ ကို AA အကြမ်းဖက်အဖွဲ့က ရဖို့ ကြိုးစားနေပါတယ်။
ဒီအချက်အလက်တွေက တာဝန်ရှိသူတွေက ကျွန်တော်တို့ထက်ပိုပြီး မျက်စိကျယ်တယ်၊ နားကြီးတယ်။ တာဝန်ရှိသူတွေ သိပြီးသားဖြစ်မှာပါ။ "အိပ်ချင်ယောင်ဆောင်သူဟာ အနှိုးရခက်တယ်" ဆိုတဲ့ စကားပုံလည်း ရှိပါတယ်။ ဒီအခြေအနေတွေကို တာဝန်ရှိသူတွေ မသိလို့ ကျွန်တော်တို့က ပြောနေရတာ မဟုတ်ပါဘူး။ မသိကျိုးကျွန်ပြုထားလို့ အကူအညီလိုအပ်နေချိန်မှာ အကူအညီတောင်းခံခြင်းသာ ဖြစ်ပါတယ်။
ရှေ့တန်းစစ်မျက်နှာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကူအညီလိုအပ်ချိန်မှာ အချိန်နဲ့ တပြေးညီ ကူညီပေးမယ်ဆိုရင် တပ်မတော်သားများ သည် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရအောင် ဆောင်ရွက်နိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။
လေးစားစွာဖြင့်
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment