မိုင်းဖြတ် , ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသအမှူးပြု၍ အလှူရှင်များမှ စုပေါင်းတည်ထားကိုးကွယ်တော်မူသည့် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘဒ္ဒန္တသုနန္ဒ အရှင်သူမြတ်က သမ္မာဒေဝနတ်ဗြဟ္မာများကိုဖိတ်ကြား၍ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒေါဘာသထံမှ ပရိသတ်များက (၉)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်များနှင့် နဝကမ္မဝတ္ထုငွေများကို ဗိုလ်မှူးကြီး သန့်လွင်စိုးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ပြီး ဇွဲမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဓိကသိရီထံမှ အနုမောဓနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဆရာတော်ကြီးများ၊ ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များကိုပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လှည်ပူဇော်ခဲ့သည်။
ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များကို မင်္ဂလာရထားပျံဖြင့် အဆင့်ဆင့်တင်လှူပူဇော်၍ အမွှေးနံ့သာရည်များပက်ဖြန်းကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းခဲ့ပြီး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူပူဇော်ခြင်း၊ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် စေတီတော်မြတ်ကြီး၏ ပုရဝုဏ်အတွင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ယင်းနောက် အခမ်းအနားများအပြီးတွင် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်းအစီစဥ်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment