ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွားဧည့်သည် လာရောက်မှု နှစ်သိန်းကျော်ထိ ရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွားဧည့်သည် လာရောက်မှု နှစ်သိန်းကျော်ထိ ရှိနေ


ညောင်ဦး၊ ဒီဇင်ဘာ ၂၆

ဒီဇင်ဘာ ခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက် အအုံများသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင် စွယ်တော်မြတ် စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ကားထားသည့် နေရာ အခက်အခဲဖြစ်သည်အထိ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

ပွဲတော်အချိန်ခါမဟုတ် သည့်(အခါကြီးရက်ကြီး)အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း၊ ပြည်ပ ခရီးသွား အဆက်မပြတ်လာရောက်သည့်မြို့ဖြစ်ကာ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူ နှစ်သိန်းကျော် လာရောက်ဖူးမြော်လေ့လာခဲ့ခြင်းကြောင့် ညောင်ဦးမြို့၊ ပုဂံမြို့ရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ အားလုံးပြည့်နေပြီး နေ့ချင်းပြန်ဘုရားဖူးကားများ၊ ဘုရားဖူး လာပြည်သူများလည်း အလွန်များ ပြားလျက်ရှိကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီ ဘဏ္ဍာတော် ထိန်းဂေါပကအတွင်းရေးမှုး ဦးထင်လင်းဦးက ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရား၊ သာသနိကအဆောက်အအုံများနှင့် ကျောက်ပန်းတောင်း - ညောင်ဦးကားလမ်းမကြီးတလျှောက် ဖွင့်လှစ်ရောင်းချနေကြသည့် ရိုးရာထန်းတဲများ၌လည်း ခရီးသွားဘုရားဖူးများ ဝင်ရောက်မှု များပြားလျက်ရှိနေခြင်းကြောင့် ထန်းလျက်အမျိုးမျိုး၊ ဆုံကြိတ် ဆီဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီများ အရောင်းအဝယ်ကောင်းမွန်နေပြီးညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင် လည်း အီးဘိုက်၊ မီနီအိုးဝေ၊ မြင်းလှည်း၊ ကားအငှားလိုက်သူများနှင့် စားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ လက်အလှပန်းချီဆွဲသူများ၊ ရိုးရာသနပ်ခါးလိမ်းခြယ်ပေးသူများ၊ အလှဓာတ်ပုံ(ဖုန်းဖြင့်)ရိုက်ပေးသူများအားလုံး ဝင်ငွေတွက်ခြေကိုက် နေကြပြီး ညနေပိုင်းတွင်လည်း ပုဂံရှုခင်း၊ ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်တန်းနောက်ခံ နေဝင်ဆည်းဆာကြည့်ရှုရန် နေဝင်ဆည်းဆာကြည့်တောင်ကုန်းများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့် ပြည့်နှက်စည်ကားနေကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)