မန္တလေး၊ ဒီဇင်ဘာ ၂၆
မန္တလေး-ပြင်ဦးလွင်ကားလမ်း ၁၆ မိုင်ဂိတ်မှ ၅ မိုင်အကွာ တွင်ရှိသော ဝါးနက်ဆင်စခန်းသို့ လာရောက်အပန်းဖြေအနားယူသူ ပိုမိုများပြားလာပြီး ရုံးပိတ်ရက်ရှည်ကာလများအတွက် အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိသည့်အပြင် စခန်း ရှိ ဆင်ရှစ်ကောင်ဖြင့် သရုပ်ပြဖျော်ဖြေပေးနေကြောင်း သိရသည်။
အဆိုပါ ဆင်စခန်း၌ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလတွင် တစ်နှစ် ပြည့်တော့မည့် ငြိမ်းချမ်းဦးအမည်ရှိ ဆင်ကလေးကို စိတ်ဝင်စားကြသဖြင့် ယခုနှစ်တွင် လာရောက်လည်ပတ်ကြသည့် ဧည့်သည်ဦးရေ ပိုမိုများပြားလာသည်ဟု ဝါးနက်ဆင်စခန်း တာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ ဆင်စခန်းမှာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ရှည်များနဲ့ အခါကြီးနေ့ကြီးတွေမှာဆိုရင် လာရောက်လည်ပတ်သူက ပုံမှန်ရက်ထက် ပိုများတယ်။ ဒီနှစ်မှာ ငြိမ်းချမ်းဦးဆိုတဲ့ ဆင်ကလေး ကို စိတ်ဝင်စားသူများလို့ ဧည့်သည်ဝင်ရောက်မှု ပိုများတယ်။ ဆင် စခန်းရောက်တဲ့အခါ မြို့ပြနဲ့ ကွာခြားမှုအပြင် သစ်ပင်၊ ဝါးပင်တွေ နဲ့ တောတောင်ရဲ့ အရသာကိုခံစားပြီး အနားယူအပန်းဖြေရင်း ဆင် တွေရဲ့ သဘာဝကို လေ့လာနိုင်မယ်” ဟု ၎င်းက ပြောသည်။ ဝါးနက်ဆင်စခန်းတွင် အပန်းဖြေခြင်းနှင့် ဆင်များကို စိတ်ဝင်စား၍ လာရောက်သူများမှာ နေ့စဉ် ၃ဝ မှ ၆ဝ ဦးကျော်ရှိပြီး ရုံး ပိတ်ရက်၊ ကျောင်းပိတ်ရက်နှင့် လပြည့်နေ့များတွင် ၁ဝဝ ဦးကျော် လာရောက်လည်ပတ်ကြကြောင်း၊ လာရောက်လည်ပတ်သူများ အတွက် မိသားစုနားနေရန် အဆောင်သုံးဆောင်၊ လူဦးရေ ၂ဝ ကျော်နားနေရန် အဆောင်နှစ်ခုအပြင် အရိပ်ကောင်းသည့် နေရာများ ၌ နှစ်ယောက်တွဲ သုံးယောက်တွဲထိုင်နိုင်သည့် ခုံတန်းလျားများ ပြင်ဆင်ထားရှိကြောင်း သိရသည်။
“ဒီလတွေက ရုံးပိတ်ရက်ရှည်နဲ့ ကျောင်းပိတ်ရက်ရှည်တွေ များတဲ့အပြင် ခရီးသွားရာသီလည်းဖြစ်တော့ စခန်းသန့်ရှင်းသာယာ လှပရေးနဲ့ လာတဲ့သူတွေ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ဖို့ အဓိက ဆောင်ရွက်ထားပြီး ပန်းအလှပင်တွေ စိုက်ပျိုးထားပါတယ်။ လာတဲ့ သူတွေက ဆင်ချစ်တဲ့မိသားစုနဲ့ သူငယ်ချင်းတွေစုပြီး လာသူတွေ များတယ်။ ဆင်တွေကို အစာကျွေးလို့ရသလို ဆင်ဘူဖေးကျွေးနိုင် ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်စခန်းဝင်ကြေးမှာ တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ နိုင်ငံခြား ဧည့်သည်ဖြစ်ပါက တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ ဖြစ်ပြီး ဆင်စီးနိုင်မည့် ဝန်ဆောင်မှုတွင် ၁၅ မိနစ်ကျော်ကြာသည့် ခရီးတိုအတွက် တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ၊ မိနစ် ၃၀ ကျော်ကြာသော တောတောင်နှင့် ချောင်းကိုဖြတ်၍ ဆင်စီး ခရီးရှည်အတွက် ငွေကျပ် ၅ဝဝဝ ဖြစ်ကြောင်း သိရသည်။
ဝါးနက်ဆင်စခန်း၌ ဆင်အကြီးရှစ်ကောင်က သရုပ်ပြဖျော်ဖြေရာတွင် ဘောလုံးကန်ခြင်း၊ ဆင်နှစ်ကောင်တွဲ၍ လမ်းလျှောက်ခြင်း၊ သံစုံဘာဂျာမှုတ်ပြခြင်း၊ ပုသိမ်ထီးဆောင်း၍ သရုပ်ပြခြင်း စသည်တို့အပြင် ဆင်တို့၏ သဘာဝနှင့် အလေ့အကျင့်များ၊ ဆင်များ၏ ကျန်းမာရေးနှင့် ပြုစုစောင့်ရှောက်ခြင်း စသည့်ဗဟုသုတများကို ရှင်းပြပေးကြောင်းနှင့် ဆင်ဘူဖေးသီးနှံအစုံ ကျွေးမွေးလိုပါက ငွေကျပ် ၁ဝဝဝဝဝ နှင့် စပါးကျွေးလိုပါက ငွေကျပ် ၅ဝဝဝဝ ဖြင့် ကိုယ်တိုင်ကျွေးနိုင်ပြီး ဆင်စခန်းမှလည်း အလှူရှင်ကိုယ်စား ကျွေးမွေးပေးလျက်ရှိရာ ဖုန်းနံပါတ် ဝ၉-၇၈၆၅ဝ၂၁၉ဝ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
မောင်အေးချမ်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment