ရန်ကုန်၊ ဒီဇင်ဘာ ၂၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ကြီးကြပ်ရေးဆရာတော် လေးပါး၊ စာပြန်သံဃာတော် ၇၃ ပါး တို့အား ဖူးမြော်ကြည်ညိုကာ ကျမ်းစာအုပ် ငါးမျိုးကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ရှိရွှေဂူကြီး (ဗုဒ္ဓဂါယာ) စေတီတော်၊ ကိုးသိန်းကိုးသန်း စေတီတော်၊ ရွှေဂူလေးစေတီတော်၊ ရွှေအောင်ရွေးစေတီတော်နှင့် ကျိုက်ပွန် ဘုရားကြီးတို့အား ဖူးမြော်ကြည်ညို၍ စေတီတော်များ ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိသောနေရာများကို သက်ဆိုင်ရာဂေါပကအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး၍ ဦးစားပေး ပြုပြင်ရမည့်နေရာများကို မှာကြား သည်။
မွန်းလွဲပိုင်းတွင် ကမ္ဘောဇသာဒီနန်းတော်သို့ သွားရောက်ပြီး လက်ယာဝန်းဆောင်၊ လက်ဝဲဝန်းဆောင်နှင့် စနုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားသည်။
ယနေ့ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ အဘိဓမ္မာ(ဒုတိယပိုင်း) စာပြန်သံဃာတစ်ပါး၊ အဘိဓမ္မာ(ပထမပိုင်း) စာပြန်သံဃာတစ်ပါး၊ ဒီဃနိကာယ် စာပြန်သံဃာငါးပါး၊ ဝိနည်း (ဒုတိယပိုင်း) စာပြန်သံဃာ ၃၇ ပါး၊ ဝိနည်း (ပထမပိုင်း)စာပြန်သံဃာ ၂၉ ပါး စုစုပေါင်း ၇၃ ပါးတို့ အာဂုံပြန်ဆိုလျက်ရှိပြီး(၇၇) ကြိမ် မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment