မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ် စေတနာသွေးသန့် သွေးလှူရှင်များအသင်းကကြီးမှူး၍ နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆေးရုံအုပ်ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် စေတနာသွေးသန့် သွေးလှူရှင်များအသင်းဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများနှင့်အတူ စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းနိုင်ရေး ကျန်းမာရေးဝန်ထမ်းများ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် သွေးလှူဒါန်းပေးကြသော စေတနာသွေးလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
သွေးလှူရှင်များအတွက် အာဟာရဖြည့်စွက် အစားအသောက်များ၊ ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ဌာနနှင့် ကချင်ပြည်နယ် စေတနာသွေးသန့် သွေးလှူရှင်များအသင်းတို့အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment