မြဝတီ , ဒီဇင်ဘာ ၂၂
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၇ နာရီက ပညာရွှေဖူး ဖူဆယ်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်းမှ သမီးငယ်လေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး ပြိုင်ပွဲဝင်အသင်းလိုက် အားကစားသမားများနှင့် ဘင်ခရာအဖွဲ့တို့က ကွင်းအတွင်း နေရာယူခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း ဆောင်ရွက်ပြီး အခမ်းအနားကို မြဝတီခရိုင် ပညာရေးမှူး ဦးသန်းဆွေဦး၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးနိုင်မိုးကို၊ အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီး ဦးစံဝင်းကြည်၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူဦးသန်းရွှေနှင့် ကျောင်းအကျိုး တော်ဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ မြဝတီခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက အားကစားပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံပညာရေးဆိုသည့် စနစ်သစ် ပညာရေးတွင်ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်မည့် အနော်ရထာအသင်း(က)နှင့် ဘုရင့်နောင်အသင်း(က)တို့က ကွင်းအတွင်းနေရာယူပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ဘောလုံးစတင်ကန်သွင်းခြင်းဖြင့် ပြိုင်ပွဲကို စတင်ပေးသည်။
ကျန်ရှိသည့် ပွဲစဉ်အုပ်စုနှင့်ကြက်တောင်ရိုက်၊ ပြေးခုန်ပစ်အားကစားနည်းများကို ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲ၌ ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)
https://t.me/MyanmarNationalPost
No comments:
Post a Comment