နေပြည်တော်၊ ဒီဇင်ဘာ ၂၇
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးတို့က Online System ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့် ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပြည်ထောင်စုနှင့်ပြည်နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သုံးနှစ်ကျော်ကာလအတွင်း အထိုက်အလျောက် အောင်မြင်မှုရရှိခဲ့ကြောင်း၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် ယခင်အစည်းအဝေး(၁/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ ဒေသအသီးသီးရှိ IDP၊ တိုက်ပွဲရှောင်နှင့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင် သူများအတွက် သက်ဆိုင်ရာ ကော်မတီ အလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့အလိုက် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ထားရှိမှုများကို ယခုအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း။
အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် မေ ၂၃ ရက်မှ လက်ရှိအချိန်ထိ ခုနစ်လတာကာလအတွင်း စုစုပေါင်း အိမ်ထောင်စု ၃၅၂၄၅ စု၊ လူဦးရေ ၁၄၁၇၈၈ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင် နေရာချထားပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရာစခန်းများ/ စုရပ်များ ၃၈၀ ကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ လူသားချင်းစာနာမှု၊ အကူအညီပေးမှုများအပြင် စုစုပေါင်းငွေကျပ် ၆၄၇၇ သန်း ကျော်ဖြင့် လမ်းဖောက်လုပ်ခြင်း၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်/ကျောင်း ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် ယာယီနေရပ်စွန့်ခွာသူများအတွက် အခြေခံ လိုအပ်ချက်များကို ပြည်ထောင်စု၊ ပြည်နယ်နှင့်စေတနာရှင်၊ အလှူရှင်များ ပေါင်းစပ်၍ တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်၊ နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းမှုရှိသည်နှင့်အမျှ မူလနေရပ်များသို့ ပြန်လည်ပို့ဆောင် နိုင်ရေးစီစဉ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယာယီခိုလှုံရာ စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးမှုအခြေအနေ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်သူများအတွက် လတ်တလောလိုအပ်သည်များ ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေ၊ အမျိုးသားအဆင့်ကော်မတီတွင် ရန်ပုံငွေထူထောင်နိုင်ရေးဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ကော်မတီများမှ တာဝန်ရှိသူတို့က သုံးသပ်အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ရှင်းလင်းတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment