နေပြည်တော်၊ ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများ SOP နှင့်အညီ ရှင်းလင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးမြေများသုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် ကျူးလွန်သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေများ၊ စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် SOP နှင့်အညီ ဘက်စုံထောင့်စုံစိစစ်ပြီး စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ လယ်ယာမြေကို အခြာနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများနှင့် စပ်လျဉ်း၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဆောင်းသီးနှံများကို စိုက်ဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးညီညီမင်းနှင့် နေပြည်တော်ဌာနဆိုင်ရာများက နေပြည်တော်ကောင်စီအတွင်းရှိ လယ်ယာမြေများ ပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများကို SOP နှင့်အညီ စီမံဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြ ပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖြည့်စွက်ဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment