ဟားခါး၊ ဒီဇင်ဘာ ၁၃
၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်လျာထားမှုအခြေအနေ ရှင်းလင်း တင်ပြခြင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ ယမန်နေ့က ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် လျာထားမှုတွင် ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ငွေလုံးငွေရင်းသုံးစွဲသည့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒအောက်မှ ဒေသနှင့်ကိုက်ညီသည့်မူဝါဒဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် မူဝါဒ (၅) ရပ်နှင့် ရည်မှန်းချက် (၅)ရပ် ချမှတ်ထားပါကြောင်း၊ အဆိုပါမူဝါဒနှင့် ရည်မှန်းချက်များဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါကြောင်း၊ ဒါတွေကို ဌာနမှူးများ ကိုယ်တိုင်သိရှိနားလည်ပြီး မျက်ခြေမပြတ်စေလိုပါကြောင်း၊ မူဝါဒ၊ ရည်မှန်းချက်များထဲမှ အဓိကအချက်မှ ငွေလုံးငွေရင်းကို အသုံးပြုပြီး ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခချုပ်ငြိမ်းရေးဖြစ်ပါကြောင်း၊ စီးပွားရေးကောင်းမွန်မှ နိုင်ငံရေးနှင့် လူမှုရေးများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးဆောင်ရွက်ရာတွင်လည်း ဒေသများအကြား ဘက်စုံမျှတစွာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစသည့် မူဝါဒများချမှတ်ထားပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်လျာထားမှုအခြေအနေ ရှင်းလင်းတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြကြပြီး ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်လျာထားမှုတွင် ပါဝင်သည့် ဌာန (၁၀) ဌာနမှ ပြည်နယ်တာဝန်ခံများက မိမိတို့ဌာန အလိုက် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်တာဝန်ခံများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment