မန္တလေး၊ ဒီဇင်ဘာ ၁၆
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့၏ အကြိမ် (၃၀) မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တက္ကသိုလ်များမှ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်၊ တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များ၊ ပြင်ပကျမ်းစစ်ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ သင်ကြား/ စီမံဆရာတော်များ၊ ဘွဲ့ခံသံဃာတော်များ၊ ပြင်ပပညာရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က ဆုတောင်းပတ္ထနာပြုကာ သာရဏီယ ဩဝါဒကထာကိုလည်းကောင်း၊ နိုင်ငံတော် ပရိ ယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယက နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရက သမ္မောဒနီယ ဩဝါဒကထာကိုလည်းကောင်း၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမုဒက အကြိမ် (၃၀) မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍လည်း ကောင်း မြွက်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဝန်ကြီးဌာနအနေဖြင့် သာသနာတော်ဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုများကို တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များမှ ဘွဲ့ခံ သံဃာတော်များ နှစ်စဉ်ပေါ်ထွန်းရေး၊ နယ်စပ်တောင်တန်းဒေသများတွင် သာသနာထွန်းကား ပြန့်ပွားနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆန္ဒပြုလျှောက်ထားသည်။
ယင်းနောက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးပြီး ပါမောက္ခချုပ်ဆရာတော်များထံ အသီးသီး ဘွဲ့ခံယူကြကာ ဘွဲ့ခံရဟန်းတော် များသည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး ရှေ့မှောက်တွင် သာသနာပြုကတိသစ္စာ ခံယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်ဘဒ္ဒန္တစန္ဒနသာရထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေ ကြကာ ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူ ပူဇော်ကြသည်။
ယနေ့ သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်တွင် သာသန တက္ကသီလ မဟာဓမ္မာစရိယ M.A (Buddhism) ဘွဲ့ရ ၁၄ ပါး၊ သာသနတက္ကသီလ နတက္ကသီလ ဓမ္မာစရိယ B.A (Buddhism) ဘွဲ့ရ ၁၁၄ ပါး စုစုပေါင်းဘွဲ့ရ အရှင်သူမြတ် ၁၂၈ ပါး ဘွဲ့ခံယူခဲ့ကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ အကြိမ် (၃၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားထိ ဘွဲ့ခံယူခဲ့ကြသည့် ရဟန်းတော် စုစုပေါင်း ၃၃၁၆ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment