မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ


ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေ တစ်သက်တာဆုရ အလင်္ကာကျော်စွာ ဦးအုန်းမောင် ( မြင်းမူ မောင်နိုင်မိုး) နှင့် ဗဟိုအမှုဆောင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် ( မြင်းမူ မောင်နိုင်မိုး) ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၂၇၆ သိန်းကို တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူကလည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်က လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းကို အတွင်းရေးမှူး ဦးပိုက်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ်သုံးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး မိသားစုက ငွေကျပ် သုံးသိန်းကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကားပြောကြားရာတွင် “ရှေးမြန်မာမင်းများ လက်ထက်ကစ၍ နတ်တော်လရောက်တိုင်း ထူးချွန် ထက်မြက်ကြသည့် စာဆိုတော်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ပါကြောင်း၊ စာပေသည် နိုင်ငံနှင့် လူမျိုး၏ အမျိုးသားယဉ်ကျေးမှုအမွေဖြစ်သည့်အတွက်ကြောင့် အမျိုးသား ယဉ်ကျေးမှုအမွေ စာပေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်၊ ပြုစုရေးသား လက်ဆင့်ကမ်းမျှဝေပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများကို နှစ်စဉ် နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့တွင် အမြဲတမ်းဂုဏ်ပြုခဲ့ပါကြောင်း။

နှစ်စဉ် ကျင်းပလေ့ရှိသည့် နတ်တော်လဆန်း ၁ ရက်ကို “အမျိုးသားစာဆိုတော်နေ့” အဖြစ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်ပြီး၊ စာပွဲသဘင်များ၊ ဆင်ယင်ကျင်းပလာခဲ့သည်မှာ ယခု ၁၃၈၆ ခုနှစ်အထိ အကြိမ် (၈၀) မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ရှေးယခင်က စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာရေးဆရာ၊ ဆရာမများ ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ကပြခဲ့ကြသည့် စာဆိုတော်ပြဇာတ်များ၊ စာပေဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာပေပြိုင်ပွဲများ၊ စကားရည်လုပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စာစောင်၊ မဂ္ဂဇင်းထုတ်ဝေခြင်းများ သက်ကြီးဝါကြီး စာရေးဆရာ၊ ဆရာမကြီးများကို ကန်တော့ ခြင်းများစသော အစဉ်အလာကောင်းများ ရှိခဲ့ကြပါကြောင်း၊

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ယခင်က စာပေစိစစ်ရေးရုံး (ယခုမူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန)ကတစ်ဆင့် တစ်နိုင်ငံလုံးရှိ စာပေထုတ်ဝေသူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ စာရေးဆရာ၊ ဆရာမများထံမှ ကောက်ခံစုစည်းပံ့ပိုးပေးခဲ့ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့်လည်း သီးခြားလှူဒါန်းခဲ့ပါကြောင်း၊ အခက် အခဲ အကျပ်အတည်းအမျိုးမျိုးကြားက၊ သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး က ကြီးမှူး၍ စာပေကျေးဇူးအထူးထူးကို ကန်တော့ပွဲများ ကျင်းပပေးသဖြင့် မင်္ဂလာတရားနှင့်အညီဖြစ်ပါကြောင်း၊ နှစ်စဉ်မပျက်ကျင်းပ ပေးနေသည့် ရည်စူးပူဇော် အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်း မြှင့်တင်နိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် ( မြင်းမူ မောင်နိုင်မိုး)က နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင် စာရင်းကို မြန်မာနိုင်ငံ စာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)က ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် လက်အုပ်ချီ၍ ကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးစာပေပညာရှင်များအား ကန်တော့ပစ္စည်းနှင့် ကန်တော့ငွေများ ပေးအပ်ကြသည်။

ဆက်လက်၍ ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ကိုယ်စား သိပ္ပကျော်စွာဘွဲ့ရ ဆရာကြီး ပါမောက္ခ ဒေါက်တာမြသိန်းဟန်က ဩဝါဒစကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံ အသက် (၈၀) နှစ်အထက် စာပေပညာရှင် ၂၇၆ ဦးရှိပြီး ကန်တော့ပွဲ အခမ်းအနားသို့ မတက်ရောက်နိုင်ကြသော ကန်တော့ခံ စာပေပညာရှင်များအား အိမ်တိုင်ရာရောက် ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။ 


အောင်မြင့်ဌေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)