ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 


မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်သောလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ကချင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်နှင့် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် မဖြစ်မနေအလေးထား ဆောင်ရွက်ကြရေး၊ ထို့အပြင် လုပ်ငန်းများချမှတ်ဆောင်ရွက်ရာတွင်လည်း ပိုမိုထိရောက်အောင်မြင်စေရေး၊ ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုခိုင်မာအားကောင်းလာစေ‌ရေးအတွက် ယနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်အကြံပြုဆွေးနွေးကြရေးနှင့် လိုအပ်သည့်ဖွံ့ဖြိုးရေးဆိုင်ရာအကြံဉာဏ်ကောင်းများ၊ ဆွေးနွေးညှိနှိုင်းချက်များရရှိရေး ပြည်သူ့အကျိုးကို ရှေးရှုပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး အလေးအနက်ထားတိုက်တွန်းမှာကြားသည်။

ထို့နောက် ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခင်မောင်‌ထွေးက ကော်မတီဖွဲ့စည်းဆောင်ရွက်မှုနှင့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ထောင်စုအဆင့်ဗဟိုကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှာကြားချက်များနှင့် ပြန်လည်တင်ပြဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို တင်ပြဆွေးနွေးပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က ၂၀၁၈(၆)လ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းစီမံကိန်းများနှင့် ပြည်နယ်ဘဏ္ဍာငွေရရှိမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေတင်ပြထားရှိမှု၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်မျာကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများအပေါ် ပေါင်းစပ်ချိတ်ဆက်၍ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသီးသီးရှင်းလင်း တင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့်အတွက် လတ်တလောဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက်ရေး၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ကြရေး၊ ဘဏ္ဍာငွေများကို စနစ်တကျစိစစ်တင်ပြနိုင်ရေးနှင့် လုပ်ငန်းကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မွန်းလွဲ ၁ နာရီတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြေအသုံးချမှုနှင့်စပ်လျဉ်း၍ အများပြည်သူအတွက် အကျိုးရှိထိ‌ရောက်စေပြီး စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ဦးစားပေးဆောင်ရွက်နိုင်ရေး သို့ဖြစ်ပါ၍ တင်ပြလျှောက်ထားလာသည့် မြေယာအမှုတွဲများအပေါ် ပြည်နယ်ကော်မတီမှ ဆွေးနွေးဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များနှင့် ဗဟိုကော်မတီသို့ စိစစ်တင်ပြရမည့် ကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ကဏ္ဍအလိုက်ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားရမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အခြားနည်း အသုံးပြုနိုင်ရေး ပြည်နယ်ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် လယ်ယာမြေအခြားအသုံးပြုခွင့်အတွက် တင်ပြလျှောက်ထားလာသည့် လုပ်ငန်းစာတွဲများအ‌ပေါ် ဗဟိုကော်မတီသို့ စိစစ်တင်ပြရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)