ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)နှင့် ပုသိမ်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)နှင့် ပုသိမ်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများ တက်ရောက်




ပုသိမ် ,  ဒီဇင်ဘာ ၂၂


၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။


ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက“ ဧရာဝတီရဲ့နှလုံးသား” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအသီးသီးသည် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း (Digital Transformation) အစီအစဉ်များအား ဦးစားပေး၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နယ်ပယ်အသီးသီးတွင် Digital Economy၊ Digital Government၊ Digital Infrastructureနှင့် Digital Community အစရှိသည့် ဒစ်ဂျစ်တယ် အသွင်သို့ ကူးပြောင်းဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် (The Global Value Chain) သို့ ချိတ်ဆက်လာနိုင်ကြပြီး တန်ဖိုးမြင့်မားသော အကျိုးရလဒ်များကို ရရှိခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေသော တိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုးပေးနိုင်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ပညာရပ်များ သင်ယူနေစဉ်ကာလအတွင်း မိမိတို့၏ ကျောင်းတော်ကြီး စိမ်းလန်းစိုပြည်ရေးနှင့် ပန်းပေါင်းဝေဆာသည့် ကျောင်းတော်ကြီးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မောင်တို့မယ်တို့သည် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာကဏ္ဍများတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ တာဝန်ရှိသူများကလည်း ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်ကအားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးပါလို့ မှာကြားလိုပါကြောင်း၊  ကျောင်းသူ/ကျောင်းသားအားလုံး ဧရာဝတီတိုင်းဒေသကြီး၏ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းဆောင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း အမှာစကားများ ပြောကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။


ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)မှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(၂၀၂၄အောင်)မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးချုပ်က“ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြပြီး ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူ ကြရမည့်သူများဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်ကြီးသည် အစဉ်အလာရှိသည့် တက္ကသိုလ်ကြီးဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမည့် မောင်တို့မယ်တို့အား နွေးထွေးစွာကြိုဆိုပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရာနေရာဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းမှာ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာများ ကျွမ်းကျင်တတ်မြောက်နေရုံသာမက Personal Skill ဆိုသည့် ပင်ကိုယ်အရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ ဘက်စုံပညာရေးမှာ စဉ်းစားသုံးသပ်တွေးခေါ်မှု(Critical thinking)၊ ပြဿနာဖြေရှင်းမှု(Problem solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical skills) ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social skills)၊ စိတ်ခံစားချက်နားလည်မှု(Emotional intelligence)၊ တရားမျှတမှု(Justice)၊ လောကနီတိဆိုင်ရာအပြုအမူ(Ethical behavior)၊ ဦးဆောင်တတ်မှု (Leadership)စသည့် ဘက်စုံကျယ်ပြန့်တဲ့ အရည်အသွေး၊ စွမ်းရည်များ ပါဝင်နေ ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် တက္ကသိုလ် ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အဆောက်အဦများ ခန့်ညားထည်ဝါမှုရှိစေရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့ သည် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့်အားကစား၊ စာပေ ၊ ဂီတ၊ အနုပညာ ဆိုင်ရာများကိုလည်းလေ့လာသင်ယူခွင့်ရကြမှာဖြစ်ပါကြောင်း၊ ထို့အပြင်မိမိတို့၏ ကျောင်းတော်ကြီး စိမ်းလန်းစိုပြေရေးနှင့် ပန်းပေါင်းဝေဆာသည့်ကျောင်းတော်ကြီးဖြစ်စေရေး၊ Green Zone Area များ ဖော်ဆောင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုတွေကို တိုးတက်အောင်မြင်အောင် ကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည်ဒေသနှင့် နိုင်ငံအကျိုးဖော်ဆောင်ပေးနိုင်သူများ ဖြစ်အောင်ကြိုးစား၍ တက္ကသိုလ်ပညာရပ်များကို လေ့လာဆည်းပူးရင်း  ဗလငါးတန်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။


ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)