မော်လမြိုင်, ဒီဇင်ဘာ ၂၂
မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်မှ ၉၀ ရာခိုင်နှုန်းသည် လုပ်ကွက်ငယ် ခြံငယ်ရှင်များဖြစ်ပြီး ခြံကြီး၊ ခြံလတ်များနှင့် ကုမ္ပဏီစိုက်ခင်းများမှာ ၁၀ ရာခိုင်နှုန်းအောက် စိုက်ပျိုးထားရှိ၍ ရော်ဘာအစေးခြစ်ဧက သုံးသိန်းကျော်ရှိသည်။
မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးရန်၊ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ရော်ဘာပင်အိုများအား ခုတ်လှဲပြီး တန်ဖိုးမြင့်ထုတ်ကုန်ဖြင့် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများ ထုတ်လုပ်လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာစက်ရုံ (၂၃) ရုံရှိပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာ (၂၂၉၀၆၁)တန် ထုတ်လုပ်နိုင်ခဲ့သည်။ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ငွေဖြင့် ရော်ဘာစိုက်တောင်သူ (၇၁၇) ဦးအား တစ်ဧကလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် (၄၃၆၄) ဧက၊ အရည်အသွေးကောင်းမွန်သည့် ရော်ဘာများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် မှိုင်းရုံလုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သန်း (၁၀၀)နှုန်းဖြင့် မှိုင်းရုံလုပ်ငန်းရှင် (၁၁)ဦးအား ကျပ်သန်း (၁၀၃၅)ကို ချေငွေများ ထုတ်ချေးနိုင်ခဲ့သည်။
မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေကြသည့် ရော်ဘာအမျိုးအစားများမှာ RSS ၊ MSR စသည့် အမျိုးအစားများဖြစ်ပြီး ပြည်နယ်အတွင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်နေသည့် မှိုင်ရုံ၊ ခရမ့်ရော်ဘာစက်ရုံ၊ တာယာစက်ရုံ၊ သရေးကွင်း၊ ပူဖောင်း၊ ဘောလုံး၊ ဖိနပ်လုပ်ငန်းများမှ တန်ချိန် ၁၅၀၀၀ ခန့်သုံးစွဲရာ ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသောရော်ဘာများကို ပုဂ္ဂလိက ဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်များက စုစည်းကာ ရန်ကုန်၊ မန္တလေးကုမ္ပဏီကြီး များထံသို့ တင်ပို့ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
အောင်မျိုးသူ
https://t.me/MyanmarNationalPost
No comments:
Post a Comment