နေပြည်တော်၊ ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ပုံမှန်အစည်းအဝေး (၄/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများ စုံစမ်းစစ်ဆေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ဆောင်ရွက်ရာတွင် ဘက်လိုက်မှု၊ အဂတိလိုက်စားမှုမရှိဘဲ ဥပဒေအတိုင်း တစ်သဝေမတိမ်း တိကျစွာ၊ တရားမျှတစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှု စီးပွားရေးဈေးကွက်အတွင်း တရားမျှတမှုကို ထိန်းသိမ်းရန်နှင့် ယှဉ်ပြိုင်မှုစနစ်တိုးတက်မှုကို အကောင်အထည်ဖော်ရန် တာဝန်ယူထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အားလျော်စွာ ဈေးကွက်အတွင်း တစ်ဖွဲ့တည်း၊ တစ်ဦးတည်းက ကြီးစိုးမှုများမဖြစ်စေရေးအတွက် တရားမျှတသည့် ယှဉ်ပြိုင်မှုများ ထွန်းကားလာအောင် အားပေးကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ဈေးကွက်ကိုပျက်စီးစေမည့်၊ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်စေမည့် ယှဉ်ပြိုင်မှု၊ လက်ဝါးကြီးအုပ်မှုများကို ထိထိရောက်ရောက် တားဆီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြသည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်ရန် အချက်များ၊ ၂၀၃၀ ပြည့်နှစ်အလွန် အာဆီယံနိုင်ငံများနည်းတူ ယှဉ်ပြိုင်မှု ဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းစီမံချက်များအပေါ် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များနှင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment