ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်






ပုသိမ်၊ ဒီဇင်ဘာ ၂၅

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ မသန်စွမ်းအားကစားနည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အားကစားသမားများအား မြို့တော်ခန်းမရှေ့တွင် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့များ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်ခဲ့မှု video clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြပြီးနောက် မသန်စွမ်းပြိုင်ပွဲမှရရှိခဲ့သည့် တံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ အားကစားသမားလူဦးရေ (၅၄၄)ဦးဖြင့် မသန်စွမ်းအားကစားနည်း (၄)မျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃) မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမားများ၏ ဇွဲ၊ လုံ့လ၊ ဝိရိယ တို့ဖြင့် ကြိုစားယှဉ်ပြိုင်ခဲ့ကြသဖြင့် မသန်စွမ်းအားကစားနည်းများမှ တံခွန်စိုက်ဆုဖလားနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင်လည်း ရလဒ်ကောင်းများပေါ်ထွက်ခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ခဲ့ပြီး အားကစားသမားများ၏ ကြိုးစားမှု၊ နည်းပြ/အုပ်ချုပ်အဖွဲ့များ၏ သင်ကြားပြသမှုများမှာ မှတ်ကျောက်ပင်ဖြစ်ပါကြောင်း၊ ဆုများအသီးသီးရရှိအောင် စွမ်းဆောင်ခဲ့ကြသော အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားနည်းများအလိုက် မိမိတို့ရရှိထားသည့်ဆုတံဆိပ်များ၊ အောင်မြင်မှုများထက် ပိုမိုသည့်အောင်မြင်မှုများ တိုးတက်ရရှိနိုင်အောင် ကြိုးစားကြရန်၊ အားကစားမှူးများ၊ နည်းပြများကလည်း ထူးချွန်သည့် အားကစားသမားများဖြစ်အောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးကြရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုမှသည် နိုင်ငံကိုယ်စားပြုများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မသန်စွမ်းအားကစားနည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ အမျိုးသား အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီးမှ မသန်စွမ်းအားကစားနည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ အမျိုးသမီး အားကစားသမားများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မသန်စွမ်းအားကစားနည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသည့် အားကစားသမားများကိုယ်စား မသန်စွမ်းပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော ရွှေတံဆိပ်ဆုရှင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အားကစားအဖွဲ့အား ဖျော်ဖြေရေးအစီအစဉ်များ၊ စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ အားကစားသမားဦးရေ (၅၄၄)ဦးဖြင့် မသန်စွမ်းအားကစားနည်း(၄)မျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မသန်စွမ်းအားကစားနည်းမှ ရွှေတံဆိပ်(၁၃)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၇)ခုဖြင့် ပြိုင်ပွဲဝင် ပြည်နယ်/တိုင်းများတွင် အဆင့်(၁)ရရှိ၍ တံခွန်စိုက်ဆုဖလားရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၂၄)ခုနဲ့ ကြေးတံဆိပ်(၂၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၆၇)ခု ရရှိခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)