လယ်ဝေး၊ ဒီဇင်ဘာ ၂၉
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမြှောင်ရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်ကြရန်၊ သီးထပ် စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီစွာထွက်ရှိရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပညာသင်ကြားရေးတွင် အတန်းစဉ်အလိုက် စဉ်ဆက်မပြတ် ဆက်လက်သင်ကြားနိုင်ရေးအတွက် မိဘများနှင့်ရပ်မိရပ်ဖများကပူးပေါင်းကူညီ ဆောင်ရွက်ရန် မှာကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန(ကြီးကြပ်ရေး)စသည့်ဌာနများမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဇီဝလုံခြုံမှုဇုံ ဆောင်ရွက်မည့်အကြောင်းအရာများ၊ အောင်းကြီးကုန်း ကျေးရွာလမ်းခွဲမှ ဂုဏ်မင်းမြှောင်ကျေးရွာအထိ လမ်းအရှည် တစ်မိုင်အား ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်ဒေသခံပြည်သူများက လိုအပ်ချက်များ တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ဂုဏ်မင်းမြှောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ သို့သွားရောက်ကြည့်ရှုကာ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေး၍လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်ဂုဏ်မင်းမြှောင်ကျေးရွာစာကြည့်တိုက်သို့ ရောက်ရှိပြီး စာပေဖတ်ရှုလေ့လာနေသူများအားနှုတ်ဆက်အားပေးကာ စာကြည့်တိုက်အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာလမ်းခွဲမှ ဂုဏ်မင်းမြှောင်ကျေးရွာအထိ လမ်းအရှည် တစ်မိုင်အား ထု ၆ လက်မ၊ လမ်းအကျယ် ၁၂ ပေ ရှိ ကွန်ကရစ်လမ်းခင်းရန် စတင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာလမ်းဦးဌာန၊ကြီးကြပ်ရေးအဖွဲ့(နေပြည်တော်)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းသန်းထွန်းနှင့် တာဝန်ရှိသူများက လမ်းအလွှာအလိုက်ခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု များအားရှင်းလင်းတင်ပြသည်။ အဆိုပါလမ်းပြီးစီးပါက ကျေးရွာအုပ်စု ၇ အုပ်စုအတွင်းရှိ ကျေးရွာ ၃၅ ရွာ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment