မြောင်းမြ၊ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ အ.ထ.က (၁) ပညာရတနာခန်းမ၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ Grade - 11 နှင့် Grade - 12 တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ဖြစ်ပြီး Grade - 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲ ရောက်ရှိမည်ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်၊ အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားသိသင့်သိထိုက်သည့် ပြဋ္ဌာန်းချက်များကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ငွေ (၁၀) သိန်းကျပ် ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်က သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေရေးရာ အသိပညာပြန့်ပွားရေး Video Clips ပြသရသည်။ ထို့နောက်သင်တန်းသား၊ သင်တန်းသူတစ်ဦးလျှင် စားသုံးဆီ (၂) ပိဿာအား၊ (၁၈၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြောင်းမြခရိုင် (မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်) နှင့် လပွတ္တာခရိုင် (လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်) များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀၄) ဦးတို့အား သင်တန်းနည်းပြဆရာ (၈) ဦးတို့မှ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၈) ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment