မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ခြင်း





အာဆွန်စီယွန်၊ ဒီဇင်ဘာ ၆

ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့တော်၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအစည်းအဝေးသို့ ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျ ပါဝင်တက်ရောက်ခဲ့သည်။ 

ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံမှ တင်သွင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ ထည့်သွင်းနိုင်ခြင်းမှာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် လူမှုအသိုက်အဝန်း အားလုံးတို့မှ တစ်စိုက်မတ်မတ် အားထုတ်ကြိုးပမ်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအစည်းအဝေး၌ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ရေးအတွက် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကော်မတီအဖွဲ့ဝင်များ၊ ၂၀၀၃ ခုနှစ် ကွန်ဗင်းရှင်းဆိုင်ရာ အတွင်းရေးမှူးနှင့် အတွင်းရေးမှူးရုံးအဖွဲ့၊ အကြံပေးကော်မတီအဖွဲ့များ၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။

အတာသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၌ အသိအမှတ်ပြုခံရဆုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲမှု အရှိဆုံး ပွဲတော်များအနက် တစ်ခုဖြစ်ပြီး နှစ်စဉ် ဧပြီလလယ်ခန့်တွင် နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းသား ပြည်သူအားလုံးတို့ ပါဝင်ဆင်နွှဲလေ့ရှိကြကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များစာရင်း၌ ပထမဦးဆုံး မှတ်တမ်းတင်ခဲ့သော်လည်း အတာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ အစောပိုင်းဖော်ပြမှုများမှာ ပုဂံခေတ်(အေဒီ ၁၁ ရာစု)ကတည်းမှ ဖြစ်ကြောင်း၊ အတာသင်္ကြန် သည် မြန်မာ့နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် အချင်းချင်း ရေပက်ဖြန်းကာ ဆင်နွှဲသည့် ပွဲတော်တစ်ရပ် ဖြစ်ပြီး ရေဖြင့်သန့်စင်ခြင်းမှတစ်ဆင့် ကံကောင်းခြင်းများကို ယူဆောင်လာသည်ဟု သက်ဝင်ယုံကြည်ကြကြောင်း၊ အတာသင်္ကြန် ပွဲတော်ကာလအတွင်း ဘုရားဆင်းတုတော်များကို ရေသပ္ပာယ်ကြခြင်း၊ မြန်မာ့ရိုးရာ သင်္ကြန်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဇီဝိတဒါနအဖြစ် တိရိစ္ဆာန်များကို ဘေးမဲ့ လွှတ်ခြင်းနှင့် ကုသိုလ်ကောင်းမှုပြုခြင်း စသည်တို့ကို လုပ်ဆောင်လေ့ရှိကြကြောင်း၊ မြို့ရွာအနှံ့အပြား၌ မဏ္ဍပ်များ၊ စင်မြင့်များထိုးကာ ရိုးရာယဉ်ကျေးမှုနှင့်အညီ ကပြဖျော်ဖြေပွဲများ တင်ဆက်လေ့ရှိကြကြောင်း၊ သင်္ကြန်ပွဲတော်သည် နိုင်ငံတကာမှ ဧည့်သည်များကိုလည်း ဆွဲဆောင်လေ့ရှိပြီး မြန်မာနိုင်ငံရှိ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းများကို တစေ့တစောင်း လေ့လာခွင့်ရှိသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်မှာ ယခင် နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ကြသည့်နည်းတူ နောင်လာနောင်သားတို့အတွက် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် နောင်နှစ်ပေါင်း ထောင်ပေါင်းများစွာ ဆက်လက်တည်တံ့နေစေရေး အတွက် ထိန်းသိမ်းစောင့်ရှောက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)