မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေးအတွက် (၅)နှစ် စီမံကိန်းချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစီအစဉ်ဖြင့် မိုးစပါးရည်မှန်းချက် အထွက်နှုန်းရရှိရေး စနစ်ကျစက်မှုလယ်ယာဧက (၁၀၀) စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်ဧက ၁၀၀ လုံးတွင် နေကြာစိုက်ဧက ၅၀ နှင့် ပဲပုပ်စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အချိန်မီစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် စိုက်ပျိုးဆောင်ရွက်နိုင်သည့် ဒေသအားလုံး၌ လယ်သီးထပ်ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ယနေ့ မဒိန်ကွင်းအတွင်း ဧက ၁၀၀ လုံး သီးထပ်စိုက်ပျိုးချိန်မီ ထယ်ရေးဝင်ရောက်နိုင်ရေး လယ်ထွန်စက်ကုန်ကျစရိတ်အား ပံ့ပိုးကူညီပေးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစက်ရေတွင်း ထပ်မံတူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စိုက်ကွင်းအတွင်းရှိ တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပံ့ပိုးပေးအပ်သည့် ရေဆင်း(၁၅)ပဲပုပ်မျိုးစေ့၊ ဆင်း(၃)စပ်မျိုး နေကြာမျိုးစေ့အိတ်များနှင့် သဘာဝမြေသြဇာအိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တောင်သူများ၏လယ်များအတွင်း နေကြာမျိုးစေ့များ စုပေါင်းကြဲပက်သရုပ်ပြသမှုများနှင့် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ထွန်စက်များဖြင့် ထယ်ရေးထွန်ယက်ပေးနေမှုများကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် ခရစ္စမတ်ကာလ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဟင်းသီးဟင်းရွက်များနှင့် ဘူးသီး၊ ခရမ်းသီး၊ ဖရုံသီးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့တွင် ရောက်ရှိလာသော ဗန်းမော်ခရိုင်အတွင်းမှ ဝန်ထမ်းများအား ဆန်ရိက္ခာ၊ ဆီနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အာဆီယံ +3 အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသော ကီလိုဂရမ်(၄၀)ပါ ဆန်အိတ် (၁၇၁)အိတ်၊ စားအုန်းဆီ (၁)ပိဿာစီနှင့် ငွေကျပ် (၁) သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment