ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် ဗယုတ်သုတ်ခ ပြဿနာများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် ဗယုတ်သုတ်ခ ပြဿနာများ


အများပြည်သူကြားမှာ တနေ့တခြားဆိုးရွားလာတဲ့ ပြဿနာက စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတယ်ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီကိစ္စအတွက် တာဝန်ရှိတာကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အနေနဲ့ စည်းကမ်းတကျ ဖြစ်စေဖို့၊ ဥပဒေနဲ့အညီ ဖြစ်စေဖို့ ဘယ်လိုလမ်းညွှန်ဆောင်ရွက်နေသလဲဆိုတာကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ စည်းကမ်းတကျဖြစ်စေဖို့ လမ်းညွှန်ဆောင်ရွက်ခြင်းမရှိဘဲ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတာမျိုးများ လုပ်နေသလား ဆန်းစစ်ရတော့မှာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ရေဘေးဖြစ်နေတဲ့အချိန်ကတည်းက မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှာ စစ်မှုထမ်းဖို့ ဆွဲသွားတယ်ဆိုတဲ့ အခြေအနေတစ်ရပ်ကို ဆက်သွယ်ပြောဆိုတယ်။ ဘယ်လိုတင်ပြရမလဲ၊ ဘယ်လိုလုပ်ရမလဲ လှမ်းမေးတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားတဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်ရန် ဆိုတဲ့ ဖုန်းနံပါတ်များကိုလည်း အခါအားလျော်စွာ အများပြည်သူသိရှိစေရန် ဖော်ပြပေးပါတယ်။ သို့သော် ပြည်သူများအနေနဲ့က သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း ပြောဆိုခြင်းအပိုင်းမှာလည်း အားနည်းကြပါတယ်။

နတ်မောက်မြို့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတဲ့ကိစ္စ တာဝန်ရှိသူများထံ ဆက်သွယ်တင်ပြဖို့ အချက်အလက်များ တောင်းခံနေစဉ်မှာပဲ မိသားစုဝင်များက စိုးရိမ်သောကဗျာပါဒများနဲ့ ငွေပေးပြီး လိုက်ထုတ်ရာမှာ သိန်း (၁၅၀) ပေးလိုက်ရတယ်။ ပွဲစားလည်း ရှိတယ်။ ငွေကြေး ရယူပြီး လွှတ်ပေးတဲ့ အရာရှိတွေရဲ့ အမည်တွေကိုလည်း ဖော်ပြလို့ရပါတယ်။ မဟုတ်တန်းတရား လုပ်နေတာကို သိပင်သိငြားလည်း လေးစားသမှုနဲ့ အမည်နာမတွေကိုတော့ မဖော်ပြတော့ပါဘူး။ 

သိပ်မကြာမီမှာပဲ မကွေးကျောင်းဆရာတော်က ဆက်သွယ်လာတယ်။ ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေရဲ့ သားလေး အသက်(၁၈)ပြည့် မှတ်ပုံတင်သွားလဲရာမှာ ကံပြားဂိတ် က ဆွဲထားလိုက်တယ်။ ဆရာတော်က ကျွန်တော့်ဆီကို ဆက်သွယ်တယ်။ အချက်အလက်တွေနဲ့ တင်ပြပေးဖို့ မိန့်ကြားတယ်။ မိသားစုဝင်တွေထံ ဆက်သွယ်လိုက်တဲ့ အခါကြတော့ ငွေပေးပြီး သွားထုတ်ခဲ့ပြီဖြစ်လို့ ဆက်သွယ်မေးမြန်းတာကိုတောင် ပြန်မဖြေတော့ပါဘူး။ မိသားစုဝင်များအနေနဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကို ကြောက်တယ်။ လက်လွန်ခြေလွန် လုပ်လိုက်မှာကို ကြောက်တယ်။ တရားဝင်နည်းလမ်းနဲ့ ပြန်လည်တောင်းဆိုတဲ့အချိန်အထိ မစောင့်နိုင်တော့ဘဲ မရှိလည်း ရှာကြံပြီး ဖမ်းဆီးခေါ်ဆောင်သွားသူများ တောင်းသလောက်ပေးပြီး ကိုယ့်သားသမီး လွတ်ဖို့အဓိက အလောသုံးဆယ် လုပ်ကြတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ကလေးမြို့ က မိတ်ဆွေတစ်ယောက်ကလည်း ဆက်သွယ်ပြောဆိုလာပြန်တယ်။ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာမျိုးတွေ လုပ်နေကြတယ်ကွာ။ ဘယ်လို လုပ်ရမလဲ။ ဘယ်လိုမှ မလုပ်နိုင်ဘူး။ နေပြည်တော်အနီးဝန်းကျင်မှာတောင် အဲဒါမျိုးတွေ လုပ်နေတာ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနဲ့ မြို့နယ်တာဝန်ရှိသူများက ဥပဒေနဲ့အညီ လုပ်ငန်းဖော်ဆောင်တာမျိုး မဟုတ်ဘူး။ အစိုးရ နဲ့ ပြည်သူကြားမှာ ပြည်ဖျက်မိစ္ဆာတွေက အကောက်ကြံပြီး ခလောက်ဆန်နေတဲ့အချိန် အစိုးရနဲ့ ပြည်သူကြား ပိုပြီး အစည်းမကပ်အောင် လုပ်နေကြတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ တောင်ဒဂုံမှ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ လူပွဲစားများက ဖမ်းဆီးပြီး ထွေအုပ်ကို ရောင်းစားတဲ့ ဖြစ်စဉ်ပါ။ တောင်ဒဂုံက လူငယ်တစ်ဦးကို ဖမ်းခေါ်သွားပြီး တွံ့တေးထွေအုပ်ရုံးကို (၁၄)သိန်း နဲ့ ရောင်းစားလိုက်ပါတယ်။ တွံ့တေး ထွေအုပ်ရုံးကို ရောက်ပြီးမှ မှတ်ပုံတင်လှမ်းတောင်းလို့ မိသားစုဝင်များနဲ့ ကျွန်တော့်မိတ်ဆွေ က ကိုယ့်မြို့၊ ကိုယ့်နယ်က ခေါ်တဲ့အချိန် လိုက်မှာပေါ့။ အကျိုးအကြောင်းပြောပြီး ပြန်ခေါ်ဲခဲ့ရတဲ့ အခြေအနေပေါ့ဗျာ။ ထွေအုပ်ရုံးက လူပွဲစားကို (၁၄)သိန်း ပေးလိုက်ရလို့ မိသားစုများထံက ငွေပြန်တောင်းနေသေးသတဲ့။ မရှိလို့ မပေးခဲ့ရတာ။ ရှိရင် ပေးခဲ့ကြအုံးမှာ။ ဒါကတော့ ကံကောင်းထောက်မလို့ပေါ့ဗျာ။

ပျဉ်းမနားမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်ပြီး သရက်ရွက်ထုတ်ထားရတဲ့ လူကို စစ်မှုထမ်းဖို့ ခေါ်သွားသတဲ့ဗျာ။ ကာယကံရှင်က စစ်မှုမထမ်းချင်လို့ မဟုတ်ပါဘူး။ သူ့ရောဂါအခြေအနေ ဆေးရုံတက်ထားရတဲ့ မှတ်တမ်းတွေကို ပြပါတယ်။ မင်းကို ဆေးစစ်ပြီး ပြန်လွှတ်မှာပါလို့ မလိမ့်တပတ် ခေါ်သွားပြီး တခါတည်း စစ်မှုထမ်းဖို့ ထည့်လိုက်တော့တာပဲဗျာ။ မြို့နယ်တာဝန်ရှိသူများ ဆိုသည်မှာလည်း သင့်တော်၏ မသင့်တော်၏ မစစ်ဆေးဘဲ ငါ့လက်ကလွတ် ပြီးတာပဲဆိုပြီး လေ့ကျင့်ရေးကျောင်း တခါတည်း ထည့်လိုက်တော့တာပဲ။ 

ပဲခူးတိုင်း၊ ကဝမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ စစ်မှုမထမ်းချင်ရင် တစ်အိမ်ထောင် တစ်လ(၂)သောင်းထည့်ရမယ်ဆိုတဲ့ ပြဿနာနဲ့ ပတ်သက်လို့လည်း ဆရာတော်တစ်ပါးက ဆက်သွယ်ပြောဆိုလာပါတယ်။ ဆရာတော်ရဲ့ မိသားစုထဲကမှာက စစ်မှုထမ်းရမယ့် အရွယ်လည်း မရှိဘူး။ အဖေနဲ့ အမေ သက်ကြီးရွယ်အိုတွေပဲ ရှိတယ်။ အဲဒါကိုလည်း အလွတ်မပေးဘူး။ အုပ်ချုပ်ရေးမှူးက တစ်လ(၂)သောင်း ကောက်ခံနေတယ်။ ပြီးတော့ ဒီမိသားစုဟာ တပ်မတော်ကို ဆန့်ကျင်တဲ့ မိသားစုတွေလည်း မဟုတ်ဘူး။ ဆရာတော်ဆိုရင် အမျိုးသားရေးလှုပ်ရှားမှုတွေမှာ အစဉ်တစိုက် ပါဝင်ခဲ့ပြီး တပ်မတော်ထောက်ခံပွဲတွေမှာ လိုက်လံဟောပြောပေးခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။ ဒါက နိုင်ငံတော်ရဲ့ မူလား၊ အုပ်ကြီးက ဥပဒေလက်တစ်လုံးခြားလုပ်နေတာလား ဆိုတာကို ဆရာတော်က မေးတယ်။ "ဥပဒေထဲမှာ စစ်မှုမထမ်းချင်ရင် တစ်အိမ်ထောင် ၂သောင်းပေးရမယ်ဆိုတာ ပါမှ မပါဘဲ အရှင်ဘုရား၊ အုပ်ကြီးတွေ လုပ်နေတာ။ မြို့နယ်ကလည်း ပေါင်းစားနေမှာပေါ့ဘုရား" လို့ပဲ တင်ပြလိုက်ပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ထဲက ကျေးရွာအုပ်စုတစ်ခုမှာလည်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက တနယ်တကျေးက အလုပ်လာလုပ်နေတဲ့ လူငယ်တွေကို ပေါ်တာဆွဲတဲ့ ပုံစံမျိုး လုပ်တယ်။ ရပ်ရွာထဲက စစ်မှုမထမ်းချင်တဲ့ မိသားစုထံက သိန်းဆယ်ချီငွေကြေးတောင်းခံတယ်။ တာဝန်ရှိသူများထံ စာနဲ့တကွ တင်ပြထားပါတယ်။ ဘယ်လို အရေးယူဆောင်ရွက်မလဲတော့ မသိပါဘူး။ ဒါကတော့ အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းသူတွေရဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

စာရေးသူထံ ဆက်သွယ်ပြောဆိုလာလို့ အဆင်ပြေချောမွေ့သွားတဲ့ ကိစ္စတစ်ခုကတော့ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်ပြီး သရက်ရွက်ထုတ်ထားရတဲ့ အမျိုးသားရဲ့ ဇနီး ကို ရုပ်သံရိုက်ပြီးတော့ တာဝန်ရှိသူတွေထံ ပို့ပေးခဲ့တယ်။ စိစစ်ပြီး ပြန်လွှတ်ပေးခဲ့တယ်။ အဲဒီကိစ္စတစ်ခုတော့ ပြေလည်မှုရခဲ့ပါတယ်။ ဒါကို အခြေခံပြီး ပြောရရင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်တာမျိုး ကြုံတွေ့ရတဲ့အခါ မိသားစုဝင်များ ကိုယ်တိုင်က အမှန်ကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း တိတိကျကျ တင်ပြကြဖို့ပဲ ဖြစ်ပါတယ်။ 

ဒီကိစ္စအပေါ်မှာ နိုင်ငံတော်အကြီးအကဲများကို သတိပြုမိစေချင်တာကတော့ အစိုးရယန္တရားမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူများဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘဲ မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်လာတဲ့အခါမျိုးမှာ တစ်ဖက်က အကြမ်းဖက်အဖွဲ့တွေရဲ့ အသုံးချခံဖြစ်သွားရတယ်။ စစ်မှုမထမ်းဖို့ လှုံ့ဆော်နေကြတာတွေ ရှိသလို တဖက်လှည့်နဲ့ ဒီလူငယ်တွေကို အကြမ်းဖက်သမားအဖြစ် အသုံးချသွားတာမျိုးတွေ ဖြစ်လာမှာကို တွက်ဆပြီး ရပ်ကျေးအုပ်ကြီးတွေ၊ မြို့နယ်တာဝန်ရှိသူတွေကို ဥပဒေမဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ ထိန်းကျောင်းပေးစေလိုပါတယ်။

အထက်မှာ တင်ပြခဲ့တာက ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်များ၊ လူပွဲစားများရဲ့ လုပ်ရပ်များကို သာဓကအနေနဲ့ ထောက်ထားတင်ပြခြင်း ဖြစ်ပါတယ်။ နောက်တပိုင်းကတော့ ဥပဒေအရ တာဝန်ထမ်းဆောင်ရန် မပျက်ကွက်ကြဖို့ ဖြစ်ပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ (၂) မှာ ပြဋ္ဌာန်းပါရှိသော အချက်များကို အကျဉ်းချုပ်ပြီး ပြောရင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း တာဝန်ထမ်းဆောင်ရမယ်။

ပုဒ်မ (၃) အရ -

၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-

(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

ပုဒ်မ (၄)မှာဆိုရင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည် လို့ ပြဋ္ဌာန်းထားသေးတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း(၄)မှာဆိုရင် -

ပုဒ်မ ၁၆။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်။

ပုဒ်မ ၁၇။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့လျှင် တာဝန် ဝတ္တရားထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိစေရမည်။

ပုဒ်မ ၁၈။ (က) ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းတစ်ဦးအား ယင်းတာဝန် ထမ်းဆောင်နေသည့် ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်သည်။

(ခ) ပုဒ်မ ၃ နှင့် ၄ ပါ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမား တစ်ဦးအား မူလ ထမ်း ဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်။

ပုဒ်မ ၁၉။ ပုဒ်မ ၃ အရ သတ်မှတ်ထားသောကာလ ပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူ တစ်ဦးသည် မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စစ်မှုထမ်းခွင့်ပြုနိုင်သည်။

ပုဒ်မ၂၀။ ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ်ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်။


စစ်မှုထမ်းဖို့ ဆင့်ခေါ်လာတဲ့အခါမှာ ကိုယ့်သားသမီး က စစ်မှုထမ်းဖို့ အကြုံဝင်သလား၊ ကင်းလွတ်ခွင့်ရနိုင်လား ဆိုတာလည်း သိထားဖို့ လိုမယ်။ 

ပုဒ်မ ၂၂။ အောက်ပါ ပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ကင်းလွတ်စေရမည်-

(က) သာသနာ့ဝန်ထမ်းများ၊

(ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊

(ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊

(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ၊

(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။

အထက်ဖော်ပြပါ အချက်တွေနဲ့ ကိုက်ညီနေရင် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရပါမယ်။ ကင်းလွတ်ခွင့်ရဖို့ ဆိုပြီး မလျော်ကန်တဲ့ လုပ်ရပ်တွေလည်း မလုပ်မိဖို့လိုပါတယ်။ လုပ်မိရင် ပြစ်ဒဏ်ခံရနိုင်တယ်ဆိုတာ သိရှိထားရပါမယ်။ 

နိုင်ငံတော်ပိုင်သတင်းစာများကနေ အမြဲတမ်းထုတ်ပြန်ပေးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ -


၁။       ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်း တာဝန်မှကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

            (က)   သာသနာ့ဝန်ထမ်းများ။

            (ခ)  အိမ်ထောင်သည်အမျိုးသမီးများ(အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်းပါဝင်သည်)။

            (ဂ)  ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။

           (ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။

            (င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ် ခွင့်ပြုထားသူများ။


၂။      ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ

            (က) ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့်  စစ်မှုထမ်းရန်မသင့်လျော်သူများ။

            (ခ )    ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ  စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ် ခံရသူများ။

            ( ဂ )   နိုင်ငံ့အတွက်  တာဝန်ထမ်းဆောင်နေပြီး  အစားထိုးရန်မဖြစ်နိုင်သေးသော  အသိပညာရှင်(သို့မဟုတ်)အတတ်ပညာရှင်များ။

            (ဃ)   တိုက်ပွဲတွင်ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ပြည်သူ့စစ် အဖွဲ့ဝင်များ၏ သားသမီး အရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။

မှတ်ချက်။ အကယ်၍  ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒအလျောက်ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန်ခွင့်ပြုနိုင်သည်။

            (င) အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခု ရရှိသော အားကစားသမားများ။

            ( စ)    နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော  တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။

            (ဆ) တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော် စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ။

            (ဇ) ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေ လိုအပ်နေသူများအဖြစ် ကျိုးကြောင်း ခိုင်လုံစွာ တင်ပြနိုင်သူများ။

ဒါတွေကိုလည်း ပြည်သူများက လေ့လာသိရှိထားပြီး ဖြစ်ဖို့ လိုအပ်ပါတယ်။


ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်လာချိန်မှာ ရှောင်လွှဲဖို့ ကြိုးစားခဲ့သည်ရှိသော် ပြစ်မှုနှင့် ပြစ်ဒဏ်များ ချမှတ်နိုင်ပါတယ်။ 

ပုဒ်မ ၂၃။ မည်သူမဆိုအောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတခုခုကို ခိုင်လုံသော အကြောင်းပြချက်မရှိပဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)အရ ဆေးစစ်ရန်အတွက် ဆင့်ခေါ်ချိန်တွင်လာရောက် သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(ဂ) ဆေးစစ်ခြင်းအောင်မြင်သော်လည်း ပုဒ်မ ၁၀ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(ဃ) ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ)အရ စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့်ချိန်တွင် မိမိအတွက် ကြိုတင် သတ်မှတ်ပေးထားသော တပ် သို့မဟုတ် ဌာနသို့ သွားရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(င) ဤဥပဒေအရ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း။

(စ) ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသော မိမိ၏ အလုပ်သမားအား ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) အရ အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်း။

ပုဒ်မ ၂၄။ မည်သူမဆိုစစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် အောက်ပါပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) မိမိကျန်းမာရေးအဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါ စွဲကပ်ဟန်ဆောင်ခြင်း၊

(ခ) မသန်မစွမ်းဟန်ဆောင်ခြင်း၊

(ဂ) မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်း ဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်း၊

(ဃ) မိမိ၏ အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအောင် မကုသဘဲ တမင်နှောင့်နှေး ကြန့်ကြာ စေရန် လည်းကောင်း၊ ပိုမိုဆိုးရွားလာစေရန်လည်းကောင်း ပြုခြင်း၊

(င) မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေရန် ပြုခြင်း၊

(စ) အခြားနည်းများဖြင့် ပြုလုပ်ခြင်း။

ဒါက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်လာချိန်မှာ ရှောင်လွှဲဖို့မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့သည် ရှိသော် ကျခံရမယ့် ပြစ်မှု ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။ ပြစ်မှုကျးလွန်တယ်၊ ပြစ်ဒဏ်ကျခံခဲ့ရပြီးရင်လည်း ပုဒ်မ (၂၈) အရ ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းမှ ကင်းလွတ်ခွင့်မရှိစေရ ဆိုတာကိုလည်း ပြဋ္ဌာန်းချက်မှာ ပါရှိပြီးသား ဖြစ်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။ အားလုံးတပြေးညီ ထမ်းဆောင်ရမှာပဲဖြစ်တယ်ဆိုတဲ့ အချက်ကို အတိအလင်း ပြဆိုထားခြင်းဖြစ်ပါတယ်။

တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေအပိုင်းကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ပုဒ်မ (၂၅) ကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမရှိရင် ပြစ်မှု၊ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

၂၅။ ဤဥပဒေအရ ဆောင်ရွက်ရသော နိုင်ငံဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအားသုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက မမှန်မကန်လုပ်ဆောင်နေတာတွေကို ပြည်ဖျက်မီဒီယာတွေဆီ ပို့ပြီး ဖွတာမျိုး လုပ်ရင်လည်း မိမိပြဿနာကို ကုစားရာမရောက်ဘဲ သတင်းမှားဆိုပြီး ပိုမိုနစ်နာတဲ့ အခြေအနေမျိုး ဖြစ်ရပါလိမ့်မယ်။ ပြည်ဖျက်မီဒီယာတွေက မဟုတ်တာတွေ ထပ်မံဖြည့်စွက်ပြီး မလိုလားအပ်တဲ့ သတင်းမျိုး ဖန်တီးပုံဖော်ကြပါလိမ့်မယ်။

အချက်အလက်တွေကို သေချာစွာ လေ့လာပြီး မိမိဘက်က ပြစ်မှုကျူးလွန်တာလား၊ တာဝန်ရှိသူများအပိုင်းက ပြစ်မှုကျူးလွန်နေတာလား ခွဲခြားသိမြင်နိုင်ရပါမယ်။ ခွဲခြားသိမြင်နားလည်ပြီဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး မိမိတို့အပေါ် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူများက မမှန်မကန်လုပ်ဆောင်နေတာတွေ ရှိရင် တိတိကျကျ မှန်မှန်ကန်ကန် ဖော်ထုတ်တင်ပြပြီး နိုင်ငံတော်အကြီးအကဲများ သိရှိစေရန်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ အကြီးအကဲများ သိစေရန် တင်ပြခြင်းအားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အကြောင်းပြုပြီး ဗယုတ်သုတ်ခ ပြဿနာများ ဖြစ်ပေါ်နေမှုကို ကုစားနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)