နေပြည်တော်၊ ဒီဇင်ဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့်စိစစ်ဆဲပါတီအနေဖြင့် တစ်ပါတီရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်အတွင်း ပါတီဝင်အင်အားပြည့်မီရေးနှင့် ပါတီရုံးခန်းများ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးတို့ကို သတ်မှတ်ကာလအတွင်း သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင်အဆောက်အအုံ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများမှလွဲပြီး အခြားအဆောက်အအုံများတွင် သက်ဆိုင်ရာဒေသန္တရအဖွဲ့အစည်းများ၏ စည်းကမ်းများနှင့်အညီ ရုံးခန်းဖွင့်လှစ်ရန်နှင့် ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းမပြုလုပ်မီ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အသိပေးရန် ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီတွင်းနှင့် ပါတီပြင်ပစည်းရုံးရေးဆောင်ရွက်မှုကို မှတ်ပုံတင်ခွင့်ရရှိပြီးသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုး၊ ဒေသအကျိုးများကို တတ်နိုင်သမျှ စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာပြုခဲ့ခြင်းနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက်အနက် လေ့လာခွင့်မပြုခဲ့သည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ စောင့်ကြည့်လေ့လာခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း စသည့်အချက်များကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့်စံနှုန်းနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်ဘာသာစကား ၅ မျိုးဖြင့်ဖတ်ရှုနိုင်သည့် Website ကို နိုဝင်ဘာ ၂၂ ရက်တွင် လွှင့်တင်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ Website တွင် Mobile Application ကိုလည်း Download ရယူနိုင်ကြောင်း၊ Soft Copy များကို နိုင်ငံရေးပါတီများသို့လည်း ဖြန့်ဝေထားကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိက္ခာရှိသောလွှတ်တော်ဖြစ်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းရှိသော ကိုယ်စားလှယ်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ကြိုတင်ရွေးချယ်လေ့ကျင့်ပေးရန်လိုကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၃ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment